ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
နေပြည်တော် နိုဝင်ဘာ ၆
ပြည်သူ့ရှေ့ဆောင်ပါတီ PEOPLE’S PIONEER PARTY (PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၆ ရက်ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာနှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်ရှင်။ ပီသုံးလုံးပါတီလို့ လူသိများတဲ့ကျွန်မတို့ ပြည်သူ့ရှေ့ဆောင်ပါတီဟာမူဝါဒနဲ့ လုပ်ငန်းစဉ်များကို အခြေပြုပြီး ဖွဲ့စည်းတည်ထောင်ထားတဲ့ (Programmatic Party) ဖြစ်ပါတယ်။ ပါတီရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “လူထုဘဝ အဓိက၊ ငြိမ်းချမ်းလုံခြုံစွာ ကြီးပွားကြ” ဆိုတဲ့အတိုင်း ပြည်သူလူထုတစ်ရပ်လုံးအတွက် ကောင်းမွန်တဲ့ အနာဂတ်တည်ဆောက်ဖို့ ချမှတ်ထားတဲ့ မူဝါဒများနဲ့ လုပ်ငန်းစဉ်များကိုရက် (၁၀၀) စီမံချက်၊ (၁) နှစ်နဲ့ (၅) နှစ် စီမံချက်များအဖြစ် စနစ်တကျ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ မြန်မာနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းကစပြီး ၂၀၂၂ ခုနှစ် နှောင်းပိုင်းအထိ ခံစားခဲ့ရတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ဘေးကြီးမပြီးဆုံး ခင်မှာဘဲ နိုင်ငံရေးအပြောင်းအလဲများနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်ဆက်တည်းဆိုသလိုပဲ ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ယာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံခြင်း၊ ၂၀၂၅ ခုနှစ် မတ်လမှာ မန္တလေးငလျင်ကြီးဒဏ်တို့ကို ပြင်းထန်စွာ ခံစားခဲ့ကြရပါတယ်။ ဒါ့အပြင် လျှပ်စစ်မီး မလုံလောက်မှုနဲ့ ကုန်ကြမ်းတင်သွင်းမှု အကန့်အသတ်များကြောင့် ပြည်တွင်း စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်မှု စရိတ်စကများ ကြီးမြင့်လာပါတယ်။ လုံခြုံရေး စိန်ခေါ်မှုများနဲ့ တရားမဝင်ဂိတ်များ ဖွင့်လှစ်ထားခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်လာလို့ ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်လာတာကို ပြည်သူတစ်ရပ် လုံး ခါးစည်းခံနေကြရပါတယ်။
နိုင်ငံရေးမှာလည်း ပြည်သူများအကြား စည်းလုံးညီညွတ်မှုပြိုကွဲပြီး ပဋိပက္ခများကြောင့် လုံခြုံရေးစိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေကြရလို့ ငြိမ်းချမ်းစွာ နေထိုင်လိုကြကြောင်း ပြင်းပြတဲ့ဆန္ဒများ ပြည်သူတစ်ရပ်လုံးမှာ ရှိနေတာကို တွေ့ရပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ လူထုဘဝများ ငြိမ်းချမ်း လုံခြုံစွာရှိဖို့အတွက် ထာဝရငြိမ်းချမ်းရေးကိုရှေးရှုတဲ့ ပဋိပက္ခများ လျှော့ချရေးကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ ပဋိပက္ခတွေအကြားမှာ လူငယ်တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာလို့ ကျေးလက်က မြို့ပေါ်၊ ပြည်တွင်းက ပြည်ပသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူ များပြားလျက်ရှိပါတယ်။ လူမှုကွန်ရက်ပေါ်က ရိုက်ခတ်လာတဲ့ အမြင်မတူ၊ ခွဲခြားဆက်ဆံခံရမှုများကြောင့် ယနေ့လူငယ်မျိုးဆက်သစ်များရဲ့ အနာဂတ် မရေရာမှုကြောင့် ကမ္ဘာ့အလယ်မှာ မျက်နှာငယ်စရာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပြည်သူလူထုကြီးရှင့် ကျွန်မတို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ၂၀၂၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အပိုင်း (၃) ပိုင်းနဲ့ တင်ပြထားပါတယ်။ ပထမပိုင်းအနေနဲ့ “လူထုဘဝ အဓိက” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အိမ်ထောင်စုတိုင်းအတွက် အမြန်ဆုံးအကျိုးရှိနိုင်မည့် အောက်ပါပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(က) ပထမဦးစွာ ပြည်သူတစ်ရပ်လုံးရဲ့ ဝင်ငွေနဲ့အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေဖို့လူထုဘဝအတွက် အဓိကကျတဲ့ စိန်ခေါ်မှုကြီးဖြစ်တဲ့ ကုန်ဈေးနှုန်း အမြန်ဆုံးကျဆင်းရေးကို တစ်ဖက်က ဆောင်ရွက်သလို လူထုရဲ့ဝင်ငွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို တိုးတက်ဖို့ဟန်ချက်ညီညီ ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ လူငယ်တိုင်းအလွယ်တကူ အလုပ်ရှာဖွေနိုင်ဖို့၊ အခြေခံလုပ်သားများအားလုံး လုပ်ခသင့်ပြီး လုပ်သာတဲ့လစာရရှိဖို့ အလုပ်ရှင်များနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တောင်သူများ ဝင်ငွေတိုးနိုင်မဲ့မျိုးစေ့၊ နည်းပညာ၊ ချေးငွေလုံလောက်စွာ ပံ့ပိုးပေးခြင်း၊ ဒစ်ဂျစ်တယ် စီးပွားရေးကို အားပေးခြင်းဖြင့် ပြည်သူများ အပိုဝင်ငွေရရှိစေခြင်း၊ ရွှေ့ပြောင်းလုပ်သားနှင့် ပြည်ပရောက်မြန်မာများက မိသားစုထံကောင်းမွန် လွယ်ကူတဲ့ ငွေလွှဲဝန်ဆောင်မှု နည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဝင်ငွေနည်း အိမ်ထောင်စုများ၊ မသန်စွမ်းသူများ၊ ထိခိုက်နစ်နာလွယ်သူများထံ တိုက်ရိုက်ထောက်ပံ့ပေးနိုင်မယ့် အစီအစဉ်များ ကိုလည်း စနစ်တကျ ဖော်ထုတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ ဒါ့အပြင်နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး အလုပ်လုပ်ပေးနေကြတဲ့ ဝန်ထမ်းများ၊ အထူးသဖြင့် နယ်စွန်နယ်ဖျား ပဋိပက္ခတွေအကြားမှာ သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေကြတဲ့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနဲ့ နိုင်ငံ့ဝန်ထမ်းများကိုလည်း ရှားပါးစရိတ် တိုးမြှင့်ထောက်ပံ့ဖို့၊ စွမ်းဆောင်ရည်၊ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံအလိုက် ထိုက်တန်တဲ့ခံစားခွင့်နဲ့ ရာထူးတိုးခွင့် စဉ်းစားပေးဖို့၊ နောင်ရေး အာမခံချက်ရှိစေမယ့် ဆုငွေ၊ အိမ်ရာ၊ ပင်စင်၊ အာမခံ၊ ပညာတော်သင်နဲ့ အပိုဆုကြေးစနစ်များ ထူထောင်ပေးဖို့ ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။ အခွန်ထမ်း ပြည်သူတိုင်း အိမ်ရာပိုင်ဆိုင်နိုင်ဖို့ နှစ်ရှည်ချေးငွေစနစ်နဲ့ အိမ်ဝယ်ပိုင်ခွင့်၊ လုပ်သားများအတွက် အငှား အိမ်ရာစနစ် ခံစားပိုင်ခွင့်၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အိမ်ရာစီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံလိုရင် နှစ်ရှည်အိမ်ရာ ချေးငွေလျှောက်ထားခွင့်များကို စနစ်တကျ ချမှတ်ဆောင်ရွက်လျက် အိမ်ခြံမြေနဲ့ဆောက်လုပ်ရေး ကဏ္ဍများအတွက် ဝယ်လိုအားကို မြှင့်တင်သွားမှာ ဖြစ်ပါတယ်ရှင်။
(ခ) သဘာဝဘေးနှင့် ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးတို့ကို ပူးတွဲဆောင်ရွက်တဲ့နေရာမှာ ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အထောက်အပံ့များ ထိရောက်စွာပံ့ပိုးနိုင်ဖို့၊ ပရဟိတနဲ့အရပ်ဘက်အဖွဲ့အစည်းများကတစ်ဆင့် ပြည်သူရဲ့ယုံကြည်မှုကို တည်ဆောက်ရင်း ပြန်လည်ရင်ကြား စေ့ရေးကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(ဂ) ရေတို အထောက်အပံ့ပေးရုံသာမက ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်သင့် ဒေသများရှိ အခြေခံပြည်သူများ၏ ဝင်ငွေ၊ အလုပ်အကိုင်နဲ့ လူနေမှု အဆင့် အတန်းများ မြင့်မားရေးအတွက်လည်း ဘေးသင့်ဒေသတွေမှာ ကျောင်း၊ ဆေးရုံနဲ့လူမှုရေးအဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းကို Cash-for-work နဲ့ Cash-for-skill program ပုံစံများဖြင့် ဘေးသင့်ပြည်သူများရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးပြီး ပြန်လည်နေရာချထားရေးကိုပါ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(ဃ) ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍများမှာဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် ဘဏ္ဍာရေးဖြည့်ဆည်းမှု အုတ်မြစ်ချနိုင်ဖို့နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကျောင်းတွင်းအာဟာရနဲ့ အားကစားပံ့ပိုးမှုများ၊ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းခွင်အဆင်သင့်ဖြစ်စေမည့် သင်တန်းများ၊ ပညာရေး ထောက်ပံ့မှုနဲ့ ချေးငွေဝန်ဆောင်မှုများ၊ စံပြလူငယ်၊ လူရည်ချွန်နဲ့ ပရဟိတလူငယ်စွမ်းဆောင်ရှင် အစီအစဉ်များ၊ ၂၁-ရာစု ခေါင်းဆောင်မှုကို ရယူနိုင်မယ့်အဆင့်မြင့်ပညာရေး၊ စီးပွားရေးရှေ့အလားအလာများနဲ့ ကိုက်ညီမယ့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနဲ့ သိပ္ပံ၊ နည်းပညာနဲ့ AI ဘာသာရပ်များဖြင့် စက်မှုအဆင့် ၅.၀ သို့ ချဉ်းကပ်ရေးတို့ကို ဇောက်ချ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြည်သူလူထုကြီးရှင့် ဒုတိယပိုင်းအနေနဲ့ ပြည်သူလူထုငြိမ်းချမ်းလုံခြုံဖို့ အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(က) အပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေးအသီးအပွင့်များ အားလုံးညီမျှစွာ ခံစားနိုင်ရေးအတွက် တိုင်းရင်းသားများအကြား စိတ်ဝမ်းမကွဲဘဲ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ပြည်နယ်များနဲ့ နယ်စပ်များအကြား စီးပွားရေးချိတ်ဆက်မှုများနဲ့ လမ်းပန်းဆက်သွယ်မှု တိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
(ခ) ပဋိပက္ခများ လျှော့ချရေး၊ ဆွေးနွေးညှိနှိုင်းရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ပဋိပက္ခဇာစ်မြစ်များကို စီမံခန့်ခွဲခြင်း၊ သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း၊ ငြိမ်းချမ်းရေး အထောက်အကူပြု စီးပွားချိတ်ဆက်မှု စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မယ့် တပ်မတော်အား ခေတ်မီဆန်းသစ်အင်အား ပြည့်ဝစေရေးနဲ့ ကောင်းမွန်သော အရပ်ဘက်-တပ်ဘက်ဆက်ဆံရေးများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(ဂ) သင်ပုန်းချေရေး၊ လက်စားမချေရေး၊ တရားမျှတရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်ဆိုရင် ပဋိပက္ခကြောင့် ထိခိုက်နစ်နာခံရမှုများအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ပြီး နိုင်ငံတကာ တရားရုံးတွေမှာ တစ်ဖက်သတ် စွပ်စွဲချက်များနဲ့ တရားစွဲဆိုထားတဲ့အမှုများကို တာဝန်ယူ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်ရှင်။
(ဃ) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်လို့ စာပေ၊ ယဉ်ကျေးမှု ရှင်သန်ထွန်းကားရေး တို့အတွက် မိခင်တိုင်းရင်းသား ဘာသာစကား သင်ကြားပိုင်ခွင့်အပါအဝင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများနဲ့လိုက်လျောညီထွေဖြစ်မည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိတိကျကျ ဖော်ထုတ်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။
(င) ဒီမိုကရေစီရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လက်တွေ့အကျိုးပြုမယ့် ဒီမိုကရေစီ၊ ဝန်ဆောင်မှုကောင်းတဲ့ ပြည်သူ့အုပ်ချုပ်ရေး၊ စိတ်ချလုံခြုံစေမယ့် တရားဥပဒေ စိုးမိုးရေး၊ ကျင့်ဝတ်လိုက်နာတဲ့ မီဒီယာ၊ လက်တွေ့အမြန်အကောင်အထည်ဖော်နိုင်မယ့် ပုဒ်မ ၂၆၁ နဲ့ ဇယား ၁၊ ၂၊ ၅ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
ပြည်သူလူထုကြီးရှင့် တတိယပိုင်းအနေနဲ့ ပြည်သူတွေရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်သလောက် ကြီးပွားတိုးတက်နိုင်မယ့်၊ အခြေခံဥပဒေမှာလည်း အတိအလင်း ပြဋ္ဌာန်းထားတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပြန်လည်ထူမပေးပြီး အရှိန်အဟုန်နဲ့ မြှင့်တင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံသားတိုင်းရဲ့ ဝင်ငွေနဲ့အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံရဲ့ လူနေမှုအဆင့်အတန်းကို ဒေသတွင်းနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်စေဖို့ အစိုးရနဲ့ ပုဂ္ဂလိက အခန်း ကဏ္ဍများရဲ့ သီးခြားတာဝန်များနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်များကို တိကျစွာသတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွား မြှင့်တင်ပေးပြီး အားလုံးအကျိုးရှိမယ့် ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(က) ကုန်ဈေးနှုန်းမြင့်တက်နေခြင်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချမယ့် မက်ကရိုစီးပွားရေးတည်ငြိမ်ရေး အတွက် ကျပ်ငွေတန်ဖိုး ခိုင်မာစေခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်ကိုအခြေခံတဲ့ Managed Float အဖြစ် ယခင်အတိုင်း ပြန်လည် ကျင့်သုံးခြင်း၊ ကုန်သွယ်မှု လိုင်စင်များ ဖြေလျှော့ခြင်း၊ ပြည်ပလွှဲပို့ငွေများအတွက် တရားဝင်နည်းလမ်းများ ဖန်တီးပေးခြင်းတို့ကို စီမံချက်ရေးဆွဲအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
(ခ) ပဋိပက္ခနဲ့ သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေး လိုအပ်ချက်များအတွက် အစိုးရ- ပုဂ္ဂလိက-နိုင်ငံတကာ ပူးပေါင်းပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေ မတည်ခြင်း၊ ဘေးလွန်ကာလ စီမံကိန်းများ ကြိုတင်ရေးဆွဲခြင်း၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း တို့ကို တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(ဂ) နိုင်ငံတော် စီးပွားရေး ပြန်လည်ဦးမော့ရေးအတွက် ရသုံးဘတ်ဂျက်နဲ့ ငွေကြေးမူဝါဒများ ခိုင်မာမှုရှိစေဖို့ လွှတ်တော်ကနေ ပံ့ပိုးဆောင်ရွက်ပေးမယ့်အပြင် ပုဂ္ဂလိကကဏ္ဍအတွက် ကြိုးနီများ ရုပ်သိမ်း၍ လုပ်သာကိုင်သာရှိစေခြင်း၊ စီးပွားရေးဦးမော့၍ လျင်မြန်စွာ အကျိုးရလဒ် ဖြစ်ထွန်းနိုင်တဲ့ Quick Wins စီမံချက်များကို ဖော်ထုတ်အကောင်အထည်ဖော်ခြင်း၊ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု၊ နိုင်ငံတကာ အထောက်အပံ့နဲ့ချေးငွေများ ပြန်လည်စီးဝင်လာစေရေး တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(ဃ) စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍများ တန်ဖိုးမြှင့် ဈေးကွက်ဝင်ဆံ့နိုင်ရေးအတွက် လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်ရှိမယ့် စိုက်ပျိုးမြေများ၊ အထွက်နှုန်းတိုး၍ တန်ဖိုးမြှင့် စားသုံးကုန်များ၊ မွေးမြူရေး ထုတ်ကုန်သစ်များ၊ မြေအရင်းအနှီး သက်သာစေမယ့် စီးပွားရေးဇုန်များ၊ တန်ဖိုးကွင်းဆက်တစ်လျှောက် ထောက်ပံ့ပေးမည့် ငွေးကြေးရေး အစီအစဉ် (Supply Chain Financing) များကို ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(င) အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ မတည်ငွေရင်း၊ နည်းပညာ၊ သုတေသနနဲ့ ဖွံ့ဖြိုးရေး၊ ဈေးကွက်ချိတ်ဆက်ရေးအတွက် MSME ဖွံ့ဖြိုးရေး စုပေါင်းရုံး (One-stop Service) အစီအစဉ်ဖြင့် ဝန်ဆောင်မှုပေးခြင်းနဲ့ ဘဏ်နဲ့ လုပ်ငန်းများ လည်ပတ်ရေးအတွက် ချေးငွေအာမခံစနစ် (credit guarantee scheme) ထူထောင်သွားမှာ ဖြစ်ပါတယ်။
(စ) အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အစိုးရအရာရှိကြီးများ၊ စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်ကြီးများ၊ စွန့်ဦးတီထွင်အောင်မြင်သူများ ပေါင်းစပ်ညှိနှိုင်းမယ့် တွေ့ဆုံဆွေးနွေးပွဲ (public private dialogue)များ ပုံမှန်ကျင်းပနိုင်ရန် စီစဉ်သွားမှာ ဖြစ်ပါတယ်။
(ဆ) လွတ်လပ်တက်ကြွသော နိုင်ငံခြားရေး၊ ဒေသတွင်းချိတ်ဆက်ရေးနဲ့ ခိုင်မာသော ပထဝီစီးပွားရေး မဟာဗျူဟာ ကျင့်သုံးခြင်းဖြင့် ဒေသတွင်းနဲ့ နိုင်ငံတကာ ဈေးကွက်များသို့ ဝင်ဆံ့လာပြီး နိုင်ငံတကာတွင် မြန်မာ့ပုံရိပ် မြင့်တက်လာစေရေးကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံများနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးက စီးပွားရေးစင်္ကြံများ တစ်လျှောက် ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မယ့် အာရှအမြန် လမ်းမကြီး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံနဲ့ ကုလားတန်မြစ်ဝှမ်း စီမံကိန်းများကို အမြန်ဆုံးညှိနှိုင်းအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
(ဇ) လျှပ်စစ်၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်နဲ့ စံချိန်စံညွှန်း အခြေခံအဆောက်အအုံများ တည်ဆောက်ရေးအတွက် အစိမ်း ရောင်နဲ့ ပြည့်ဖြိုးမြဲစွမ်းအင်၊ ကုန်စည်နဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့် နည်းစနစ်များ၊ သက်သာ လုံခြုံစွာ ချိတ်ဆက်နိုင်မယ့် အင်တာနက်၊ အွန်လိုင်း ပြည်သူ့ဝန်ဆောင်မှုနဲ့ အွန်လိုင်းရောင်းဝယ်ဖောက်ကားမှုများ၊ မြန်မာ့စံချိန်စံညွှန်းစနစ်များ၊ နိုင်ငံတကာစံများနှင့်အညီ ထွန်းကားစေရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(ဈ) သဘာဝအရင်းအမြစ်များ ပွင့်လင်းမြင်သာစွာ တန်ဖိုးမြှင့် ထုတ်လုပ်အသုံးချရေး၊ စိမ်းလန်းအခြေပြုနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စီးပွားရေးဝန်းကျင်ကောင်းများ ထူထောင်ရေးတို့အတွက် သဘာဝတွင်းထွက်များ စနစ်တကျတူးဖော်ထုတ်လုပ်၍ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ စိမ်းလန်းအခြေပြုနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တိုးတက်ထုတ်လုပ်နိုင်ရေးတို့ကို အထူးအလေးပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ရှင်။
နိဂုံးချုပ်အနေနဲ့ ကျွန်မတို့ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဟာ ပါတီရဲ့ဆောင်ပုဒ် ဖြစ်တဲ့ “လူထုဘဝအဓိက၊ ငြိမ်းချမ်းလုံခြုံစွာ ကြီးပွားကြ” ဆိုတဲ့အတိုင်း အထက်ဖော်ပြပါ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ရက် (၁၀၀) စီမံချက်၊ (၁) နှစ်နဲ့ (၅) နှစ် စီမံချက်များအဖြစ် စနစ်တကျ အကောင်အထည်ဖော်ခြင်းအားဖြင့် အမိမြန်မာနိုင်ငံတော်ကြီးကို ငြိမ်းချမ်းလုံခြုံစွာဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်သူလူထု တစ်ရပ်လုံးသို့ အစီရင်ခံတင်ပြလိုက်ရပါတယ်ရှင့်။
သတင်းစာများ - ၃၃၄၁ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
