ကိုရီးယား K- Pop အနုပညာရှင်များ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
ကိုရီးယား K- Pop အနုပညာရှင်များ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 19, 2024
ရန်ကုန် ဧပြီ ၁၈
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် နေပြည်တော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် ကိုရီးယားနိုင်ငံမှ K- Pop အနုပညာရှင်များသည် ယနေ့တွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ကိုရီးယား K- Pop အနုပညာရှင် ဂျောင်ဒူရီ၊ Gold ၊ ကီမီ၊ ရီချန်း၊ K-Pop အကအဖွဲ့ Highless နှင့် အမျိုးသားအကအဖွဲ့ Dios တို့ပါဝင်သည့် ပထမအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ဆက်လက်၍ ရွှေတိဂုံပုံတူစေတီနှင့် ကျောက်စိမ်းဘုရားကို ဖူးမြော်ကြည်ညိုကြပြီး သာယာဝတီမင်းခေါင်းလောင်းနှင့် သာသနိကအဆောက်အအုံများကိုလည်း ကြည့်ရှုလေ့လာကြသည်။
ထို့နောက် ရန်ကုန်မြစ်တစ်လျှောက် ရှုခင်းများကို အပျော်စီးသင်္ဘောဖြင့် လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လည်ပတ်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူအားပေးကြသည်။
ထို့အတူ ကိုရီးယား K- Pop အနုပညာရှင်များဖြစ်ကြသည့် ရီဂျင်၊ ဟန်နီနှင့် ကလေးငယ် ခုနစ်ဦးပါဝင်သော Dream Kids အဖွဲ့နှင့် Astel အဖွဲ့တို့ပါဝင်သည့် ဒုတိယအဖွဲ့သည် ရန်ကုန်တက္ကသိုလ်များ လှေလှော်အသင်းသို့ သွားရောက်လေ့လာကြပြီး အင်းယားကန်အတွင်း စုပေါင်းလှေစီးကြကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ဗဟန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသို့ သွားရောက်ကြပြီး ကလေးငယ်များနှင့်အတူ ပျော်ရွှင်စွာ သီချင်းသီဆိုကြပြီး ကလေးငယ်များအတွက် နို့မှုန့်နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
သတင်းစဉ်