ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများ ဆက်လက်ပို့ဆောင်

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောပစ္စည်းများ ဆက်လက်ပို့ဆောင်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026
image_latest


နေပြည်တော် ဇွန် ၉

တပ်မတော်က အလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များတွင် ထိခိုက်ပျက်စီးခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးစီမံဆောင်ရွက်သွားရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများပါဝင်သည့် ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအနေဖြင့် သက်ဆိုင်ရာနယ်မြေဒေသများသို့အရောက်ကွင်းဆင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့်တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ စားနပ်ရိက္ခာအခက်အခဲမရှိစေရေးအတွက် ကနဦးစီစဉ်မှုအဖြစ် စားသုံးဆီ ၁၀ တန်နှင့် ဆန်တန်ချိန် ၅၀၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံတို့ကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် သွပ် (၁၀) တန်၊ ဘိလပ်မြေ ၅ ဒသမ ၅ တန်၊ သွပ်ရိုက်သံ ၁၂၃ ပိဿာ၊ ရော်ဘာဝါရှာတစ်ဖာတို့ကို မန္တလေးမြို့မှကလေးမြို့သို့ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့နိုင်ရေး၊ ဒေသ၏လိုအပ်ချက်များအပေါ်မူတည်၍ ထပ်မံဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၆ ခုနှစ် မေ ၂၄ ရက်မှ ဇွန် ၉ ရက်အထိ ပေးပို့ထောက်ပံ့ပြီးစီးမှု စုစုပေါင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်း ၃၀၀၀၊ စားသုံးဆီ ၁၀ တန်၊ ဆန်တန်ချိန် ၅၀၊ မိသားစုသုံးပစ္စည်းစုံနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းစုံ အိမ်ထောင်စု ၆၀၀ စာ၊ ဘိလပ်မြေတန် ၂၀၊ အမိုးသွပ်တန် ၂၀၊ သွပ်ရိုက်သံ (၂၄၆) ပိဿာနှင့် ဆက်စပ်ပစ္စည်းများကို ပို့ဆောင်ပေးထားကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်