စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 22, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်အတွင်းရှိ ကျောင်းအုပ်ကြီး ဦးစိုးကြည်၏ နေအိမ်အား PDF အမည်ခံ အကြမ်းဖက် သမားများ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်သွားခဲ့သဖြင့် အဆိုပါ နေအိမ်အတွင်း ရှိနေသည့် ဦးစိုးကြည်၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်း (၅၄)နှစ်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်မှုများ ကျူးလွန်လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
