စာပေပညာရှင်များ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းစကားသံများ

စာပေပညာရှင်များ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းစကားသံများ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2026
image_latest


ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)

မြန်မာ့နှစ်သစ်ကူးက တန်ခူးလဖြစ်ပြီး အခုနှစ်သစ်ကူးကတော့ ကမ္ဘာ့နှစ်သစ်ကူးပဲဖြစ်ပါတယ်။ နှစ်သစ်ကူးတယ်ဆိုတာ အဟောင်းတွေထားခဲ့ပြီး သစ်လွင်မှုကို တက်လှမ်းတာ ဖြစ်ပါ တယ်။ နှစ်သစ်အခါမှာ နိုင်ငံတော်က အသစ်ကို တက်လှမ်းဖို့ ဒီမိုကရေစီစနစ်ကို သေသေချာချာ အကောင်အထည်ဖော်တဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပနေပါပြီ။ ပြည်သူတွေကိုယ်တိုင် သူတို့အသိနဲ့ တက်တက်ကြွကြွပါဝင်ပြီး တိုင်းပြည်အတွက် ဒီမိုကရေစီနည်းကျတဲ့ ကိုယ်စားလှယ်တွေရရှိဖို့အတွက် မဲပေးကြတာပါ။ ဘယ်သူတွေ ဘယ်လိုပြောနေနေ ပြည်သူအများစုကတော့ အမှန်အတိုင်းမြင်နေကြပါပြီ။ ဘယ်သူဟာအပြု၊ ဘယ်သူဟာအဖျက်ဆိုတာ အမှန်အတိုင်းသိလာပြီဖြစ်တဲ့အတွက် ဒီမိုကရေစီ နိုင်ငံတော်သစ် ကို တစ်နည်းပြောရရင် ပြည်သူတွေ ကိုယ်တိုင်အကောင်အထည်ဖော်ရွေးချယ်တဲ့ ပြည်သူ့ဒီမိုကရေစီအစိုးရတက်လာပြီး တိုင်းပြည်ကို မြှင့်တင်ပေး သွားပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ ရေ၊ မြေပေါတယ်။ ရေအောက်မြေအောက်မှာလည်း ဓာတ်သတ္တုမျိုးစုံရှိတယ်။ ကမ္ဘာမှာရောင်းဝယ်နေကြတဲ့ ကျောက်စိမ်း ၉၀ ရာခိုင်နှုန်းဟာ မြန်မာ့ကျောက်စိမ်းပါပဲ။ မြန်မာ့ပုလဲကို တခြားနိုင်ငံတွေ ဘာလို့မမီကြလဲဆိုရင် မြန်မာနိုင်ငံဟာ ရေခံမြေခံကောင်းလို့ပါ။ ရတနာတွေရှိပြီး ညီညွတ်ငြိမ်းချမ်းရေး လိုနေတဲ့အတွက် အာရှတိုက်ရဲ့ ကျားတစ်ကောင် မဖြစ်လာသေးတာပါ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဟာ အာရှတိုက်ရဲ့ကျားပဲ။ ကျွန်တော်တို့သာ ညီညွတ်ငြိမ်းချမ်းကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ လေးတောင်ကျားမဟုတ်ပါဘူး၊ ကိုးတောင်ကျားဖြစ်မှာအမှန်ပါ။ ဒါကြောင့် ကိုးတောင်ကျားကြီးဖြစ်လာမယ့်နိုင်ငံကို ဘာလို့ပစ်ထားကြမှာလဲ။ ဒါကြောင့် နှစ်သစ်မှာ အားလုံးစည်းလုံး ညီညွတ်စွာလက်တွဲပူးပေါင်းဆောင်ရွက် ကြဖို့လိုပါတယ်။

မင်္ဂလာဆိုတာ မကောင်းမှုမှန်သမျှကို ခုတ်ဖြတ်ဖယ်ရှား၏လို့ဆိုပါတယ်။ မကောင်းမှုအကုန်ပယ်၊ ကောင်းမှုဆောင် တာဟာ အဲဒါ မင်္ဂလာပါပဲ။ နှစ်သစ်မှာ မကောင်းမှုတွေ ပပျောက်ပြီး ကောင်းမှုတွေရောက်လာဖို့ပါပဲ။ မြန်မာနိုင်ငံဟာ ရွှေနိုင်ငံ၊ ပတ္တမြားနိုင်ငံဖြစ်နိုင်တယ်။ သူတစ်ပါးက သွေးထိုး၊ သွေးခွဲတာကို သဘောပေါက်ကြတဲ့ တစ်နေ့၊ ကျွန်တော်တို့အားလုံး တညီတညွတ်တည်း ဒါတို့ မြေ၊ ဒါတို့ပြည်ဆိုတာသိရှိတဲ့ တစ်နေ့ တိုင်းပြည်တစ်ဟုန်ထိုး တိုးတက်သွားမှာပါ။ နှစ်သစ်မင်္ဂလာမှာ မြန်မာနိုင်ငံဟာ အထူးဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီတွေ လျှံလျှံဝေနေတဲ့ ပတ္တမြားနိုင်ငံတော်ကြီးဖြစ်ပါစေ။ အားလုံးကျန်းမာ ချမ်းသာကြပါစေ၊ ဘေးကင်းကြပါစေ၊ စိုးရိမ်ကြောင့်ကြ သောကကင်းကြပါစေ၊ ဆင်းရဲခြင်းကင်းပြီး ချမ်းသာသုခအဖြာဖြာ ရရှိကြပါစေလို့ နှစ်သစ်ဆုတောင်း ပို့သလိုက်ပါတယ်။

စာရေးဆရာ မောင်ဆွေသက်(ဗိုလ်မှူးကြီးညွန့်ဆွေ - ငြိမ်း)

ကျွန်တော်တို့ ပြည်သူတွေ အခုမဲပေးလိုက်ပါပြီ။ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်အတွက် အကျိုးရှိအောင် ဆောင်ရွက်မယ့်သူလို့ ယုံကြည်တယ်။ ရွေးချယ်‌ပေးလိုက်သူဟာ ဒေသအသီးသီး၊ ဆက်စပ်နေတဲ့ တိုင်းပြည်နဲ့ ကမ္ဘာကြီးအတွက် အကျိုးပြုနိုင်မယ့် ပုဂ္ဂိုလ်လို့ ယုံကြည်ပါတယ်။ ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်ဟာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ အားလုံးအတွက် အကျိုးရှိမယ့်သူ ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် မဲပေးခဲ့ပါပြီ။ ဒါဟာလည်း မင်္ဂလာစကားဖြစ်ပါတယ်။

နိုင်ငံသူ နိုင်ငံသားတွေနဲ့ ကမ္ဘာသူ ကမ္ဘာသားအားလုံးဟာ ကိုယ့်နိုင်ငံကိုယ် အေးချမ်းသာယာ စေချင်ကြပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာလည်း တိုင်းပြည်ကို အေးချမ်းစေလိုကြပါတယ်။ ကျွန်တော်တို့ နိုင်ငံ အေးချမ်းသလို ဆက်စပ်နေတဲ့ နိုင်ငံတွေအားလုံး အေးချမ်းမယ်ဆိုရင် ကမ္ဘာကြီးလည်း အေးချမ်းစေမှာပါ။ ဒါကြောင့် ကမ္ဘာကြီးလည်း အေးချမ်းပါစေ၊ မြန်မာနိုင်ငံလည်း အေးချမ်းပါစေ။ ပြည်သူ ပြည်သားအပေါင်းလည်း အေးချမ်းကြ ပါစေ။ ဒေသတွင်းနိုင်ငံတွေလည်း အေးချမ်းသာယာမှုကို တူညီစွာခံစားရရှိ ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။

ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)(မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ)

အခုလို နှစ်သစ်ကူးကာလမှာ နှုတ်ခွန်းဆက် မင်္ဂလာစကားပြောကြားရတဲ့အတွက် များစွာဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား၊ ပြည်သူတွေ အားလုံး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တဲ့ ကိစ္စရပ်တွေကို ပြီးခဲ့တဲ့နှစ်ဟောင်းကာလမှာ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အတွက်ကျရောက်လာခဲ့တဲ့ ကိစ္စအဝဝကိုလည်း အတူ လက်တွဲပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ ကြုံဆုံခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြံ့ကြံ့ခံခဲ့ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ပြန်လည်ထူထောင်နိုင်ဖို့ အတွက် နိုင်ငံတော်က ကြပ်မတ်ဆောင် ရွက်ပေးခဲ့မှုကြောင့် ထူထောင်တက်လှမ်း နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော် ကို ချီတက်နိုင်ဖို့အတွက်လည်း နည်းလမ်း စနစ်ကျစွာ ဆောင်ရွက်သင့်သလောက် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် ဆောင်ရွက်ရမယ့် အစီအစဉ်တွေလည်း ရှိပါသေးတယ်။

သို့ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ညီညွတ်သော၊ ငြိမ်းချမ်း‌သော၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တစ်ရပ်အဖြစ် ရှေ့ကာလတွေမှာ ဆက်လက်ပြီး ရောက်ရှိနိုင်အောင် တိုင်းရင်းသားပြည်သူတွေ၊ မိဘပြည်သူတွေ၊ နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်သူတွေနဲ့အတူ ဆက်လက်ဆောင် ရွက်သွားဖို့အတွက် အားသစ်ခွန်သစ် တွေမွေးပြီး နိုင်ငံတော်ကို အစဉ်ထာဝရ ဘာသာသာသနာအမွေ၊ ယဉ်ကျေးမှုအမွေ၊ နယ်မြေပိုင်ဆိုင်မှု အမွေတွေကို တည်တံ့ခိုင်မြဲအောင် ကြိုးစားဆောင်ရွက်ကြပါစို့လို့ ပြောကြားလိုပါတယ်။ ပြည်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ ။

ဒေါက်တာတင်ထွန်းဦး (မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ)

အခုအချိန်ကတော့ ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်ဝတဲ့ ၂၀၂၆ ခုနှစ် နှစ်ဆန်းကာလပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ၂၀၂၅ ခုနှစ် မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ အလွန်ပြင်းထန်တဲ့ မန္တလေးငလျင်ကြီးအပါအဝင် အခက်အခဲအမျိုးမျိုးတို့ကြောင့် ပြည်သူအများ ရုန်းကန်ခဲ့ကြရပါတယ်။ ဒါပေမယ့် ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြ ရတဲ့ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျဘဲ ‘‘လဲရင် ပြန်ထမယ်’’ ဆိုတဲ့ ကြံ့ခိုင်တဲ့ စိတ်ခွန်အားနဲ့ ကြိုးစားပြီး ပြန်လည်ရှင်သန်နိုးထနိုင်ခဲ့ကြပါတယ်။

နှစ်သစ်မှာ စကားလက်ဆောင်မွန် အနေနဲ့ အဲဒီလို အခက်အခဲတွေကိုဖြေရှင်းဖို့ ကြိုးစားခဲ့ကြရင်း အခွင့်အလမ်းတွေကို တွေ့နိုင်ကြပါလိမ့်မယ်။ အခက် အခဲ၊ ပြဿနာ၊ စိန်ခေါ်မှုနဲ့ ကျရှုံးမှုဆိုတာ တကယ်တော့ ကြီးပွားတိုးတက်အောင်မြင်ခြင်းရဲ့ လမ်းစပဲဖြစ်ပါတယ်။ အခွင့်အလမ်းတွေလည်းဖြစ်ပါတယ်။ အခက်အခဲတွေ ကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ရလဒ်ကို အခွင့်အလမ်းအဖြစ် ရယူအသုံးချပြီး မဆုတ်မနစ် ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ မိမိရည်မှန်းချက်အတိုင်း အစွမ်းကုန် ဆက်လက်ကြိုးပမ်းကြမယ်ဆိုရင် မိမိရဲ့ အောင်မြင်မှုပန်းတိုင်ကို မလွဲမသွေ အရောက်လှမ်းနိုင်ကြမှာဖြစ်ပါတယ်။ အခက်အခဲဆိုတာ အောင်မြင်ခြင်းအတွက် အခွင့်အလမ်းတွေပါပဲ။

အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပနေပြီး များမကြာခင်ကာလမှာ ပြည်သူအများ ရွေးချယ်လိုက် တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေပါဝင်တဲ့ လွှတ်တော်ကြီး ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။ အဲဒီကနေ ဆက်လက်ပြီး အစိုးရသစ်တစ်ရပ်လည်း ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။ အဲဒီအခါမှာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေ ပိုမိုကောင်းမွန် တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ မကြာခင်ကာလတွေမှာ နိုင်ငံနဲ့ ပြည်သူတွေအတွက် ‘‘ပိုမိုခိုင်မာကောင်းမွန်တဲ့ အနာဂတ်’’ ဖြစ်လာပါလိမ့်မယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီအနေနဲ့လည်း သတင်း မီဒီယာကဏ္ဍကို နိုင်ငံတော်ရဲ့စတုတ္ထ မဏ္ဍိုင်အဖြစ် ပီပီပြင်ပြင် ဖြစ်ထွန်းရပ်တည်နိုင်အောင်၊ သတင်းမီဒီယာ လောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားလုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံနဲ့ ပြည်သူ့ အကျိုးအတွက် သတင်းမီဒီယာကဏ္ဍကနေ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းစကားပါး လိုက်ရပါတယ်။

အခုလို မင်္ဂလာရှိလှတဲ့ နှစ်ဆန်းချိန်ခါမှစပြီး တစ်နှစ်တာကာလမှာ နိုင်ငံသူနိုင်ငံသားအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ ဘေးအန္တရာယ် အသွယ်သွယ်အပေါင်းမှ ကင်းဝေးကြပါစေ၊ စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတစ်ခုလုံး နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဖြစ်ပါစေကြောင်းနှင့် ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေလို့ ဆန္ဒပြုပါတယ်။

HOT NEWS
January 4,