တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 11, 2026
image_latest


နေပြည်တော် ဇွန် ၁၀

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၉ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၄၃ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ ကလေးမြို့နယ် အောင်မေတ္တာရပ်ကွက် (ပြင်သာ)ဆိပ်ကမ်းမှ အင်းကျော်ရွာသို့ မြစ်သာမြစ်ကူးတံတား ဆောက်လုပ်ပေးနိုင်ပါရန်အတွက် သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မြစ်သာမြစ်ကူးတံတား သည် ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး တည်ဆောက်လက်စတံတား တစ်စင်းဖြစ်ပါကြောင်း၊ ယင်းတံတားသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကအပ်နှံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်တည်ဆောက်သည့် တံတားဖြစ်ပါကြောင်း၊ လက်ရှိတံတားသည် ၉၃ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး တံတားပြီးစီးရန် ဆောင်ရွက်ပါက မြစ်သာမြစ်၏ အရှေ့ဘက်ရွာများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တံတားဆောက်လုပ်ပြီးစီးပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုအပေါ်မူတည်၍ ပြင်သာဆိပ်ကမ်းမှ မြစ်သာမြစ်ကို ဖြတ်ကူးမည့်တံတားကို ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းနောက် ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ မြစ်သာမြစ်ကူးတံတားနှင့်ဆက်စပ်ပြီး မြို့နယ်ချင်းဆက်လမ်းအဖြစ် ကလေး-မြို့မ-ယာကြီးလမ်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနတို့အနေဖြင့် ဘဏ္ဍာငွေရရှိသည့်အပေါ်မူတည်၍ ဆောင်ရွက်ပေးရန်သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ယခုလမ်းသည် အမှန်တကယ်ဆောင်ရွက်သင့်သည့် လမ်းဖြစ်ပါကြောင်း၊ စီမံချက်ရေးဆွဲ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီမံချက်ရေးဆွဲပြီးပါက ဆက်စပ်ဆောင်ရွက်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

ကွန်ဟိန်းမဲဆန္ဒနယ်မှ စိုင်းကျော်လှ၏ ရှမ်းပြည်နယ်ကွန်ဟိန်းမြို့မှ ကာလိမြို့သို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးအား ၂၃ ပေ အကျယ်ချဲ့ပြီး နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ပေးပါရန်အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ကွန်ဟိန်းမှ ကာလိမြို့သို့ ဆက်သွယ်ထားသည့် လမ်းပိုင်းအတွက် ယခုနှစ် ရရှိရန်ပုံငွေဖြင့် လမ်းပိုင်းပေါ်ရှိ လမ်းပျက်စီးသည့် နေရာများတွင် လမ်းပိုင်းပြုပြင်ခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ကွန်ဟိန်းနှင့် ကာလိလမ်း ၈ မိုင် ၅ ဖာလုံကို တိုးတက်လာမည့် ယာဉ်စီးရေနှင့် လိုက်လျောညီထွေဖြစ်စေမည့် လမ်းအကျယ်ရရှိအောင် စီမံချက်ရေးဆွဲထားပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၏ မိုင်းခတ်မြို့နယ် ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း လမ်းမကြီးဖြစ်သော မိုင်းခတ်လမ်းအပိုင်း၌ အကွေ့အကောက်များသော၊ လမ်းကျဉ်းသောနေရာများတွင် ၁၈ ပေ လမ်း ကတ္တရာအဆင့်သို့ တိုးမြှင့်ခင်းပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ၊ ရှိလျှင် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က အဆိုပါလမ်းပိုင်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့က စီမံခန့်ခွဲသည့်လမ်းဖြစ်ပြီး ယခုနှစ်ရရှိရန်ပုံငွေဖြင့် လမ်းပိုင်းပေါ်ရှိ အကွေ့အကောက်များသည့် မမြင်ကွေ့တစ်နေရာကို လမ်းချဲ့ထွင်ခြင်း၊ ချဲ့သည့်နေရာတွင် မြေသားတာပေါင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားရန် လျာထားပါကြောင်း ပြန်လည်ဖြေကြားသည်။

ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ တပ်ကုန်းမြို့နယ်ရှိ သပြေချောင်းကျေးရွာမှ ရွှေမြို့ကျေးရွာသို့ ဆက်သွယ်သော ရွှေမြို့တံတား- ဆင်သေချောင်းကူး တံတားအားရေတို၊ ရေရှည်အစီအမံများချမှတ်၍ တံတားရေထိန်းနံရံအပါအဝင် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်လတ်က ရွှေမြို့တံတား - ဆင်သေချောင်းကူးတံတား တည်ဆောက်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရွှေမြို့ ကျေးရွာအဝင် ပေ ၄၀၀ အရှည် ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို စီမံကိန်းတန်ဖိုး ငွေကျပ် ၂၂၂၅ ဒသမ ၀၀ သန်းရှိသည့်အနက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၀၀ ဒသမ ၀၀ သန်းဖြင့် ဘေလီသံပေါင်ပစ္စည်းများအား ဝယ်ယူစုဆောင်းပြီးဖြစ်ပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၄၂၅ ဒသမ ၀၀ သန်းဖြင့် အရှည် ပေ ၄၀၀၊ အကျယ် ၁၃ ပေ ဘေလီတံတား (ပထမပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရာဂီမုန်တိုင်းအတွင်း ချောင်းရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများ ကြောင့် မူလသတ်မှတ်ထားသည့် တံတားအရှည် ပေ ၄၀၀ အား အရှည်ပေ ၉၅၀ ဆောင်ရွက်ရမည် ဖြစ်သဖြင့် ထပ်မံဆောင်ရွက်ရမည့် တံတား တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေရရှိမှုအပေါ်မူတည်၍ နှစ်ဆက်လုပ်ငန်းအဖြစ် ဆက်လက်လျာထားဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။

ဆင်သေချောင်းကူး(ရွှေမြို့ကျေးရွာအဝင်) တံတားတည်ဆောက်ပြီးစီးပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရွှေမြို့တံတားရေလမ်း၏ ရေထိန်းနံရံအပါအဝင် ရေလမ်းကြောင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆင်သေချောင်း ကွင်းဆင်းတိုင်းတာစစ်ဆေးရေးအဖွဲ့၏ တင်ပြချက် Master Plan ပါ အစီအမံများအရ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်းခံပေးသွားမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံ ငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တွံတေးမဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ တွံတေးမြို့နယ် စည်ပင်ဈေးကြီးအား ခရိုင်အဆင့်မြင့်ဈေးကြီး တစ်ခုအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိအား သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည် တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အဆိုပါဈေးရုံကြီးအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအနေဖြင့် အလျား ၈၁ ပေ၊ အနံ ၃၇ ပေ၊ အမြင့် ပေ ၂၀ ဈေးရုံနှစ်ရုံ အဆင့်မြှင့်တင် ဆောက်လုပ်ခြင်းအတွက် ၁၇၉ ဒသမ ၈၂ ကျပ်သန်း ဖြင့်လည်းကောင်း၊ အလျား ၁၆၈ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ပေ ၂၀ သားငါးတန်းဈေးရုံ အဆင့်မြှင့်တင် တည်ဆောက်ခြင်းအတွက် ၃၄၂ ဒသမ ၇၂ ကျပ်သန်း ဖြင့်လည်းကောင်း စုစုပေါင်း ၅၂၂ ဒသမ ၅၄ ကျပ် သန်း အသုံးပြု၍ ဆောင်ရွက်‌‌ခဲ့ပါကြောင်း။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တွံတေးမြို့မဈေး အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ပါဝင်ခြင်း မရှိသော်လည်း လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဒေသန္တရစီမံကိန်း၌ ထည့်သွင်းရေးဆွဲပြီး ရန်ပုံငွေ လျာထားတောင်းခံကာ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့အတူ ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီ၏ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မှ လှိုင်သာယာ သွားလမ်းမကြီးအနောက်ဘက် အလင်းနေ့စားသောက်ဆိုင်မှ ရခိုင်ရိုးကြီးချောင်းပေါက်အထိ အလျားပေ ၅၅ဝ၊ အနံ ၆ ပေ၊ အနက် ၅ ပေ၊ ကွန်ကရစ်ရေနုတ် မြောင်းတစ်ခုအား ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် မည်သည့်ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းလျာထားချက်များ ပါဝင်ခြင်းမရှိသဖြင့် ယခုနှစ်အတွင်း ဆောင်ရွက်ပေးနိုင် ခြင်းမရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်ရေမြောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ဒေသန္တရစီမံကိန်း၌ ထည့်သွင်းရေးဆွဲပြီး လုပ်ငန်းလျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့် စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် ကော်မတီဥက္ကဋ္ဌအဖြစ် မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်၊ အတွင်းရေးမှူးအဖြစ် မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်း နှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်းကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားရေးရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကန့်ဘလူမဲဆန္ဒနယ်မှ ဦးမြတ်ကျော်နှင့် အတွင်းရေးမှူးအဖြစ် လယ်ဝေးမဲဆန္ဒနယ်မှ ဦဝင်းဌေးတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်း အဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ရေနံချောင်းမဲဆန္ဒနယ်မှ ဒေါ်ဝင်းမော်ထွန်းနှင့် အတွင်းရေးမှူးအဖြစ် ဝေါမဲဆန္ဒနယ်မှ ဦးအောင်နိုင်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပညာရေး မြှင့်တင်မှုကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပညာရေးမြှင့်တင်မှုကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ဗဟန်းမဲဆန္ဒနယ်မှ ဒေါက်တာ လှတင့်နှင့် အတွင်းရေးမှူးအဖြစ် ဘားအံမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးတို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်တွင်း/ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဦးတင့်ဝေနှင့် အတွင်းရေးမှူးအဖြစ် ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးအောင်နိုင်ဦးတို့ကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးပဉ္စမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဆဋ္ဌမနေ့ကို ဇွန် ၁၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်