တရားမဝင်စက်သုံးဆီလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြရန် အသိပေးတိုက်တွန်း

တရားမဝင်စက်သုံးဆီလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြရန် အသိပေးတိုက်တွန်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

စွမ်းအင်ဝန်ကြီးဌာန စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည် စက်သုံးဆီများ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်စက်သုံးဆီလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါကလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တရားမဝင်စက်သုံးဆီ သယ်ယူဖြန့်ဖြူးရောင်းချမှု ၅၅၃ ကြိမ်မှ ငွေကျပ်တန်ဖိုး ၁၈၉၂၂ သန်းကျော် တန်ဖိုးရှိသည့် စက်သုံးဆီတန်ချိန် ၃၀၃၇ တန်ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ရကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရှိရသည်။

ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှ ဤဥပဒေအရ လိုင်စင်ရယူရန်လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုခုကို သက်ဆိုင်ရာလိုင်စင်မရရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားသည့်အတွက် တရားမဝင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချမှုမရှိစေရေးနှင့် လျော့နည်းပပျောက်စေရေးကို ဥပဒေနှင့်အညီ ထိန်းကြောင်းဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းနှင့် တရားမဝင်စက်သုံး ဆီဖြန့်ဖြူးရောင်းချခြင်းမရှိစေရန် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် တရားဝင်လုပ်ငန်းလိုင်စင်ရယူ၍ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်သော်လည်း ဥပဒေပြဋ္ဌာန်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်အရ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၃၄ ပုဒ်မခွဲ (က) အရ သတိပေးခြင်း ၊ ပုဒ်မ ၃၄ ပုဒ်မခွဲ(ခ)အရ သတ်မှတ်ထားသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ ပုဒ်မ ၃၄ ပုဒ်မခွဲ(ဂ)အရ လိုင်စင်ကို ကာလအကန့် အသတ်ဖြင့်ရပ်ဆိုင်းခြင်း၊ ပုဒ်မ ၃၄ ပုဒ်မခွဲ(ဃ)အရ လိုင်စင်ကို အမြဲတမ်းရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း စသည့်အရေးယူမှုများကို ဆောင်ရွက်နိုင်‌ကြောင်း သိရသည်။

စက်သုံးဆီများအား တရားမဝင် သယ်ယူသိုလှောင်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများသည် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရသည့် လုပ်ငန်းများမဟုတ်သဖြင့် မီးဘေးအန္တရာယ် ဖြစ်ပွားနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်ကာ နိုင်ငံတော်နှင့် အများပြည်သူပိုင်ပစ္စည်းများ ဆုံးရှုံးနိုင်ခြင်း၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာနိုင်ခြင်း၊ အများပြည်သူအနေဖြင့် စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီသည့် စက်သုံးဆီများ မသုံးစွဲနိုင်ခြင်း စသည့်ထိခိုက်နစ်နာမှုများအပြင် ဥပဒေနှင့်လည်း ညီညွတ်ခြင်းမရှိသဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ဥပဒေနှင့်အညီ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ ရယူဆောင်ရွက်ကြရန် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးတိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရသည်။                         

သတင်းစဉ်    

HOT NEWS
January 4,