တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ

တရားမဝင်သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက် လျက်ရှိသည်။

 စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဟုမ္မလင်းမြို့နယ်အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀) နှင့် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်၌ တရားမဝင်ကျွန်းသစ် ၂၄ ဒသမ ၀၃၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၆၈၂၆၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၈၂၂၆၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၃ ရက်တွင် ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး (ခန့်မှန်းတန်ဖိုးငွေ ၉၆၂၁၇၉၂ ကျပ်)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး၊ Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေ ၁၀၀၆၂၁၇၉၂ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၄ ရက်နှင့် ၁၂ ရက်တို့တွင် ဘားအံမြို့ ထီးပို့ကလို့လမ်းဆုံ၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး၊ လူသုံးကုန်ပစ္စည်း ၁၄ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီး၊ Mazda Wagon တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၂၄ မျိုး၊ လူသုံးကုန်ပစ္စည်း ခုနစ်မျိုး၊ လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၅၈၇၇၀၀)ကိုလည်းကောင်း၊ ဘားအံမြို့ အမှတ်(၈)ရပ်ကွက် ထောင်ဝိတောင်(၁၂)လမ်းအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၅၆၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Aung Zeya MPV Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀)ကို လည်းကောင်း၊ တာချီလိတ်မြို့ တာချီလိတ်-ဝမ်ပုံကားလမ်းမဘေး စွတ်ဆိုင်ကျေးရွာရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၄၁၅၂၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၇ မျိုး၊ လူသုံးကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၁၀၄၀၀၀၀)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၈၅၀၀၀၀)ကိုလည်းကောင်း၊ စက်တင်ဘာ ၁၃ ရက်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၀၇၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၄၇၉၂၇၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

စက်တင်ဘာ ၄ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာအမှုတွဲ ၂၉ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၀၂၀၂၃၇၀၉၂ ကျပ်)ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများ ကြောင့် တရားဝင်တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည်တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများကယခုထက် ပိုမိုတားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်