ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း The 2nd Sustainable Maritime Industry Conference (SMIC)-2025 အခမ်းအနားတက်ရောက်
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း The 2nd Sustainable Maritime Industry Conference (SMIC)-2025 အခမ်းအနားတက်ရောက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / September 05, 2025

နေပြည်တော်၊ စက်တင်ဘာ ၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံ၊ Jeddah မြို့တွင် ကျင်းပပြုလုပ်သည့် The 2nd Sustainable Maritime Industry Conference (SMIC)-2025 အခမ်းအနား သို့တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဆော်ဒီအာရေဗျနိုင်ငံမှ ပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် The International Organization for Marine Aids to Navigation (IALA) ၏အတွင်းရေးမှူးချုပ် , H.E Mr. Francis Zachariae တို့က ရေကြောင်းဘက်ဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေး၏ ၈၀ ရာခိုင်နှုန်းကျော်အား ရေကြောင်းမှပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားမှတဆင့် ရေကြောင်းဘက်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အားလုံးပါဝင်၍ အတူတကွပူပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာများ ပိုမိုဖွံ့ဖြိုးလာပြီး ရေကြောင်းဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများအနေဖြင့် အထူးတိုးတက်လာပါသဖြင့် ဘေးထွက်ဆိုးကျိုးများလည်း ရှိလာပါကြောင်း၊ ရေကြောင်းဘက်ဆိုင်ရာ စီမံခန့်ခွဲမှု့နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတို့သည် ဟန်ချက်ညီစွာရှိရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ International Maritime Organization (IMO) မှ အတွင်းရေးမှုးချုပ်သည် ယခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့၏ Theme ဖြစ်သည့် “Our Ocean, Our Obligation, Our Opportunity” ဆောင်ပုဒ်အား Video မှတဆင့် အကျယ်တဝင့်ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ရေယာဉ်များအား စွမ်းအင်အနည်းဆုံးဖြင့် ထိရောက်စွာ အသုံးချခုတ်မောင်းနိုင်ရေး၊ ပင်လယ်ရေကြောင်းဘက်ဆိုင်ရာ အာမခံနှင့်ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်လျှော့ချရေးဗျူဟာများ အကောင်အထည်ဖော်ခြင်း၊ အသေးစားနှင့်အလတ်စား ရေကြောင်းလုပ်ငန်းများအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံရေးဆွဲခြင်း၊ ရေကြောင်းဘက်ဆိုင်ရာ စွမ်းဆောင်ရည်များ၊ ဘေးကင်းလုံခြုံမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုတို့ကို မြှင့်တင်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာများ၏ အခန်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ခေတ် ရေကြောင်းဘက်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေး၊ ရေကြောင်းကဏ္ဍအသွင် ကူးပြောင်းရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု စသည့်ခေါင်းစဉ်များအား ဆွေးနွေးသွားခဲ့ကြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ဆော်ဒီအာရေဗျနိုင်ငံ၊ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဝန်ကြီး၊ H.E Eng. Sulaiman A Al Mazroua နှင့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏လက်ရှိ အခြေအနေများနှင့်စပ်လျဉ်း၍ မိမိတို့နိုင်ငံတွင် ကီလိုမီတာ ၂၈၀၀ ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကြီးတည်ရှိပြီး ရေကြောင်းကဏ္ဍရေရှည်တည်တံ့မှုနှင့် ဆန်းသစ်တီထွင်မှုများအပေါ် မျှော်မှန်းချက်တစ်ခု အဖြစ်သာမဟုတ်ဘဲ လိုအပ်ချက်တစ်ခုအဖြစ် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး IMO ၏ အဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေး ကွန်ဗင်းရှင်း (MARPOL) အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ပင်လယ်ရေကြောင်းပို့ဆောင်ရေးကဏ္ဍ၌ တစ်နိုင်ငံတည်း လျှောက်လှမ်းလျက်ရှိသည့် နိုင်ငံမဟုတ်ဘဲ အာဆီယံရေကြောင်းဘက်ဆိုင်ရာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်များ၊ BIMSTEC နှင့် Mekong-Ganga ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့်အပြင် တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် ဆိပ်ကမ်းဘက်ဆိုင်ရာ ကိစ္စရပ်များတွင် မိတ်ဖက်ဆောင်ရွက်ခြင်း၊ ကိုးရီးယား၊ စင်ကာပူနိုင်ငံများနှင့်လည်း နည်းပညာ ဖွံ့ဖြိုးမှုကဏ္ဏများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့်လည်း ချမှတ်ထားသည့် ၂၀၃၀ မျှော်မှန်းချက် ပန်းတိုင်အောက်တွင် သန့်ရှင်းသော စွမ်းအင်၊ တည်ငြိမ်သော ထောက်ပံ့ပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေးများအား ဦးစားပေးထားသည်ကို တွေ့ရှိရပါသဖြင့် မျှော်မှန်းချက်၊ အရင်းအမြစ်များနှင့် ရည်ရွယ်ချက်များ တူညီသည့်အဆွေတော်တို့နိုင်ငံနှင့် လက်တွဲ၍ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့၏ လုပ်ငန်းစဉ်များ၌ အတူတကွ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်ဖြစ်သည့် ကာဗွန်ထုတ်လွှင့်မှု လျော့ချရေးအား မဟာဗျူဟာများချမှတ်၍ အကောင်အထည်ဖော်ရာတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အနာဂတ်အတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်အဖြစ်ဖန်တီး၍ ရေကြောင်းကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်တို့ ဖြစ်ပါကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည် ပြည်တွင်းအတွက်သာမက နိုင်ငံတကာစီးပွားရေး၏ အဓိကကျောရိုးမဏ္ဏိုင်ဖြစ်သည်နှင့်အညီ ပင်လယ်ရေကြောင်းကဏ္ဍ၌ သင်္ဘောများ၊ ကုန်စည်ပို့ဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက်သာမက ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ခိုင်မာစွာ အတူတကွ ပေါင်းစပ်ဆောင်ရွက်ရေးတို့ ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် ရည်မှန်းချက်တူညီသည့် မိတ်ဖက်နိုင်ငံများနှင့် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းအခမ်းအနားကို “Sailing Towards a Sustainable Future” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၉၀ နိုင်ငံမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း ၁၈၀ ဦး နှင့်အတူ ဆော်ဒီအာရေဗျနိုင်ငံမှ ရေကြောင်းဘက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
