ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 14, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်း ကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးကျေးရွာ၌ ဓားဖြင့် ထိုးခုတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၃ နာရီတွင် ကြို့ပင်ကောက်မြို့နယ်၊ ဂွေးကောင်းပင်ကျေးရွာနေ မောင်ဖြိုး(ခ)ဖြိုးဝေမောင် (၃၈)နှစ်သည် ၎င်း၏နေအိမ်မှ ကံကြီးကျေးရွာသို့ ခြေလျင်သွားရောက်စဉ် ကံကြီးကျေးရွာအဝင် အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က “ဒလန်” ဟု စွပ်စွဲပြောဆိုကာ လက်ပြန်ကြိုးတုပ်၍ ကံကြီးကျေးရွာရွာလယ်လမ်းမသို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ဓားဖြင့် ထိုးခုတ် သတ်ဖြတ်သွားခဲ့သဖြင့် မောင်ဖြိုး(ခ)ဖြိုးဝေမောင်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။