ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) မွမ်းမံ Online အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) မွမ်းမံ Online အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 04, 2022
image_latest


နေပြည်တော် မတ် ၄

လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) မွမ်းမံ Online အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက သင်တန်း၏ အဓိက ရည်ရွယ်ချက်သည် ပြောင်းလဲတိုးတက်လျက်ရှိသော ခေတ်စနစ်နှင့်အညီ မိမိတာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရန်အတွက် အင်ဂျင်နီယာဘာသာရပ်များဖြစ်သည့် လမ်းတည်ဆောက် ခြင်းဆိုင်ရာ ဘာသာရပ်၊ လမ်းပြင်ဆင် ထိန်းသိမ်းခြင်းဆိုင်ရာဘာသာရပ်၊ လမ်းစီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်၊ တံတား တည်ဆောက်ခြင်းနှင့်ထိန်းသိမ်းခြင်း ဆိုင်ရာဘာသာရပ်၊ စက်/ယန္တရားကြီးများ၏ စွမ်းရည် အကြောင်းများအပြင်၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စ၊ ဝန်ကြီးဌာနဆိုင်ရာ ကိုဓဥပဒေများ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲရေးဆိုင်ရာ စည်းမျဉ်းများ၊ ငွေစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားလွှာများ၊ ဒီဇိုင်းပုံစံထုတ်ခြင်းများကိုပါ သင်ကြားပေးခဲ့ပြီးဖြစ်၍ စည်းမျဉ်း စည်းကမ်း များအတိုင်း  လိုက်နာရန် အထူးမှာကြားလိုပါကြောင်း။

မြို့နယ်အင်ဂျင်နီယာအဆင့်သည် လုပ်ငန်းခွင်နှင့် အနီးစပ်ဆုံး ထိတွေ့ရသူများဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူများနှင့် ထဲထဲဝင်ဝင်ပူးပေါင်း ဆောင်ရွက်ရသူများ ဖြစ်ပါကြောင်း။ မိမိ၏ အလုပ်တာဝန်များအပေါ် တာဝန်ကျေပွန်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိခြင်းနှင့် မှန်ကန်စွာ ဦးဆောင်လမ်းပြနိုင်ခြင်းသည် မိမိအပေါ်မှာ လုပ်ဖော်ကိုင်ဖက်များက ယုံကြည်အားကိုးမှု ရှိလာခြင်း အားဖြင့် ဌာန၏လုပ်ငန်းများကို ပိုမိုအောင်မြင် စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းဖေ က လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦး က သင်တန်းဖွင့်လှစ်ပေးခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသူ/ သင်တန်းသား (၉၉) ဦးကိုယ်စား သင်တန်းသူ / သင်တန်းသား အဖွဲ့ခေါင်းဆောင်များကို သင်တန်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)