ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပုဂံ-ညောင်ဦးလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပုဂံ-ညောင်ဦးလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 22, 2025
နေပြည်တော် ဒီဇင်ဘာ ၂၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ပုဂံ-ညောင်ဦး လေဆိပ်သို့ရောက်ရှိရာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦးလေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အဆင့်လိုက်ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လေယာဉ်ပြေးလမ်းဘေးနှစ်ဖက်သို့ ၂၅ ပေစီ တိုးချဲ့ခြင်း၊ တိုးချဲ့ပြီး လေယာဉ်ပြေးလမ်းနှင့် မူလလေယာဉ်ပြေးလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းနှင့် လေယာဉ်ရပ်နားရန် နေရာတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများကို ရေးဆွဲထားသည့် အချိန်ဇယားအတိုင်း ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားသည်။
ယင်းနောက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ခရီးသည်နားနေဆောင်၊ မြန်မာမှုအနုလက်ရာများ ပြုပြင်မွမ်းမံမှု၊ လေဆိပ်ရှိရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ခရီးသည်များကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန်မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
