ဘားအံမြို့၌ (၃၆)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကျင်းပ
ဘားအံမြို့၌ (၃၆)နှစ်မြောက်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့အခမ်းအနား ကျင်းပ
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 20, 2025
ဘားအံ - နိုဝင်ဘာ (၂၀)
(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို “နေ့စဉ်အခွင့်အရေးများမြှင့်တင်ရေး၊ ကလေးများအသံနားထောင်ပေး” ဆောင်ပုဒ် ဖြင့် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကလေးသူငယ်များအတွက် ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး၊ ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်သည့်အခါ ကလေးများ၏အသံကိုနားထောင်ပြီး ပကတိ လိုအပ်ချက်များအပေါ် အခြေခံကာ အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၅၈) ကျောင်းအတွက် တာဝန်ခံဆရာ၊ဆရာမများအားထောက်ပံ့ကြေး၊ သင်ထောက်ကူပစ္စည်းဖိုးငွေအပါအဝင် တစ်ကျောင်းလျှင် ငွေကျပ်(၁၀)သိန်း(၆)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ခြောက်ရာတစ်ဆယ့်လေးသိန်းရှစ်သောင်းကျပ်ကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက က လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၄၂)ကျောင်းအတွက် ငွေကျပ် လေးရာလေးဆယ့်ငါးသိန်းနှစ်သောင်းကျပ်ကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းက ကော့ကရိတ်မြို့နယ်ရှိကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၃)ကျောင်းအတွက် ငွေကျပ်တစ်ရာသုံးဆယ်ခုနှစ်သိန်းရှစ်သောင်းကျပ်ကိုလည်းကောင်း၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များက မြဝတီမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၂)ကျောင်းအတွက် ငွေကျပ် နှစ်ဆယ့်တစ်သိန်းနှစ်သောင်းကျပ်ကိုလည်းကောင်း၊ သံတောင်ကြီးမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂)ကျောင်းအတွက် ငွေကျပ် နှစ်ဆယ့်တစ်သိန်းနှစ်သောင်းကျပ်ကိုလည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း(၂)ကျောင်းအတွက် ငွေကျပ်နှစ်ဆယ့်တစ်သိန်းနှစ်သောင်းကျပ်ကိုလည်းကောင်း စုစုပေါင်း ကျောင်းပေါင်း(၁၁၉)ကျောင်းအတွက် ငွေကျပ် တစ်ထောင်နှစ်ရာခြောက်ဆယ့်တစ်သိန်းလေးသောင်းကျပ်ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြပြီး ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၊ အမှတ်(၂)မူလတန်းကြိုကျောင်း၊ အမေ့ ရင်ခွင် ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ ရပ်ကွက်(၆)ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၊ JUNIOR Pre-School ရင်သွေးငယ်လေးများက တေးသရုပ်ဖော်များဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ရင်သွေးငယ်လေးများအား လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့် ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့တက်ရောက်လာသော ရင်သွေးငယ်လေးများ၊ ၎င်းတို့မိဘများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ တာဝန်ခံဆရာ၊ဆရာမများ၊ လူမှု ရေးအသင်းအဖွဲ့များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။




