မကွေးတိုင်းဒေသကြီး ပွင့်ဖြူဒေသ၏ လယ်ယာသားငါးကဏ္ဍတိုးတက်ရေး ဘက်စုံကြိုးပမ်း

မကွေးတိုင်းဒေသကြီး ပွင့်ဖြူဒေသ၏ လယ်ယာသားငါးကဏ္ဍတိုးတက်ရေး ဘက်စုံကြိုးပမ်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 16, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပွင့်ဖြူ)၏သင်ကြားရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ပွင့်ဖြူ) ကျောင်းအုပ်ကြီးက ကျောင်း၏သင်ကြားရေး၊ သုတေသနနှင့် စိုက်ပျိုးထုတ်လုပ်မှု၊ လက်ရှိတက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူဦးရေနှင့် အလယ်အလတ်အဆင့် မွေးထုတ်စိုက်ပျိုးရေးပညာရှင်များ ပေးနိုင်ခဲ့မှုကိုတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ပွင့်ဖြူစိုက်ပျိုးသိပ္ပံအနေဖြင့် ဒေသ၏စိုက်ပျိုးရေးရာလိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်သည့် တောင်သူများအားကိုးအားထားပြုရသော စိုက်ပျိုးမွေးမြူရေးပညာရှင် အရင်းအမြစ်များ တည်ရှိရာဌာနအဖြစ်ရပ်တည်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ ကျောင်းပြီးသည့်အခါ နိုင်ငံ့ဝန်ထမ်းများအဖြစ် လုပ်ငန်းခွင်ဝင်ရောက်ရေးနှင့် အသစ်ထပ်မံ ဖွင့်လှစ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်များတွင် လုပ်ငန်းခွင်မှတက်ရောက်၍ ပညာဆက်လက်သင်ယူရေးကို ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ကျောင်းသားကျောင်းသူများ၏ သင်ကြားရေး၊ နေ့စဉ်ဘဝနှင့် သင်ယူမှုအခြေအနေများ၊ အနာဂတ်ကာလ မိမိတို့ဒေသဖွံ့ဖြိုးရေးအတွက်ကျောင်းသား ကျောင်းသူများ၏ သဘောထားအမြင်များကို မေးမြန်းဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။ ထို့နောက် ပွင့်ဖြူမျိုးသန့်ခြံ တွင် စိုက်ပျိုးရေးပညာရှင်များ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဌာနပိုင်ခြံများမှထွက်ရှိသည့် သီးနှံမျိုးများအားလုံးမျိုးအဖြစ် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေးသွင်းအားစု များအချိန်ကိုက်အချိုးကျအသုံးပြုရန် လိုအပ်ချက်များ၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေပြီး ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုဖြစ်ရန် ခေတ်မီနည်းပညာများ အသုံးပြုရန်လိုအပ်ချက်များ၊ ပညာရှင်များနှင့် တောင်သူများပူးပေါင်း၍ လက်လှမ်းမီ သုတေသနများဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် အောင်နိုင်တိုး စပါး ၁၀ ဧကမှ အထွက်တင်း ၁၆၀၀ ရရှိသူ ကျွန်းပင်စင်ကျေးရွာမှ တောင်သူကြီးက အောင်နိုင်တိုး စပါးမျိုးစိုက်ပျိုးလုပ်ကိုင်မှုအတွေ့အကြုံနှင့် ဈေးကွက်အကြိုက် ရောင်းချနိုင်ခဲ့မှုကိုလည်းကောင်း၊ တောင်သူတစ်ဦးက ဆိုလာစနစ် အသုံးပြုစိုက်ပျိုးမှုအတွေ့အကြုံနှင့် အကျိုးအမြတ်ကိုလည်းကောင်း တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်