မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွား မော်တော်ယာဉ် တစ်စီးအား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွား မော်တော်ယာဉ် တစ်စီးအား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 22, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့်အမြင် အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ကိုဇော်နိုင်လင်း(၂၅)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဦးမျိုးကျော်၊ ကျွဲဘေးကျေးရွာနေ ဦးဟိန်းမင်းထက်တို့နှင့်အတူ မော်တော်ယာဉ် တစ်စီးဖြင့် မင်းတုန်းမြို့မှ ပြည်မြို့သို့ ပုသိမ်-မုံရွာကားလမ်းအတိုင်း မောင်းနှင်ထွက်ခွာလာစဉ် မဲဇလီကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က လမ်းဘေးမှ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်အား လမ်းဘေး၌ ရပ်တန့် ခဲ့ပြီး ၎င်းတို့သုံးဦးမှာ မဲဇလီကျေးရွာအတွင်းသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်မှုများ ကျူးလွန်လုပ်ဆောင် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
