မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 18, 2025


     အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာနေ ဒေါ်ကြင်သန်း(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် နေအိမ်ရှေ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား ထိခိုက် ဒဏ်ရာ ရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက် ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,