မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက်ထုတ်ပြန်
မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေး နှိုးဆော်ချက်ထုတ်ပြန်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026
၁။ မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ မြစ်ရေများမြင့်တက်လာမည် ဖြစ်ပါသည်။ မြစ်ရေတက်လာမှုအပေါ်မူတည်၍ ရေယာဉ်များအန္တရာယ်ကင်းစွာ ခုတ်မောင်းသွားလာနိုင်ရန် လိုအပ်သောရေလမ်းညွှန်အမှတ်အသားများကို ပြသထားမည်ဖြစ်သော်လည်း ရာသီဥတုဒဏ်ကြောင့် ၎င်းရေလမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံပျက်စီး ပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များအနေဖြင့် အထူးဂရုပြုခုတ်မောင်းကြရန် လိုအပ်ပါသည်။
၂။ ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေတက်လာမှုကြောင့် ရေနည်းကာလ၌ ပေါ်ထွန်းခဲ့သော သောင်နှင့် ကျွန်းများရေမြုပ်၍ ရေမြွှာပေါက်ဖြတ်လမ်းများဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ရေအနက်မလုံလောက်သော ရေမြွှာပေါက်ဖြတ်လမ်းများကို ဖြတ်သန်းခုတ်မောင်းခြင်းမပြုကြရန်နှင့် မိမိရေယာဉ်၏ စက်စွမ်းအားနှင့် ရေစီးနှုန်းကိုချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြုခုတ်မောင်းရပါမည်။
၃။ မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့် ဝင်ပေါက်တွင် နေ့အခါအစိမ်းရောင် တြိဂံအမှတ်အသားပြသထားပြီး ညအခါမီးစိမ်းထွန်း၍ ပြသထားပါသည်။ ရေယာဉ်များဝင်ရောက်ဖြတ်သန်းခြင်းမပြုရမည့်ရေလမ်းတွင် နေ့အခါအနီရောင် ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခါမီးနီထွန်း၍ ပြသထားပါသည်။
၄။ ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများမှာ ရေမြုပ်နေတတ်ပြီး တံတားတိုင်များအကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့်တက်မစနစ်တို့ကို ကြိုတင်စစ်ဆေးပြီး လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြရပါမည်။ တံတားရေလမ်းကို ဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုကြရန် လိုအပ်ပါသည်။ အထူးသဖြင့် သယ်ဆောင်သည့်ဝန်နှင့် စက်အားကိုချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းရမည်ဖြစ်ပြီး မနိုင်ဝန်ကိုသယ်ဆောင်ခြင်းမပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြရပါမည်။
၅။ ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်လာပါက ရေယာဉ်များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါသည်။
