မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀ ဦး သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၀ ဦး သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 07, 2025

နေပြည်တော် အောက်တိုဘာ ၇
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကို၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တောင်အာဖရိကနိုင်ငံသားခြောက်ဦး၊ မလေးရှားနိုင်ငံသားသုံးဦးနှင့် ရုရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၁၀ ဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့်တွေ့ဆုံ၍ ပြည်ပနိုင်ငံသားများအား ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရင်းဇယားအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Counsellor Mr. Ilya Ilin နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်အာဖရိကနိုင်ငံသံရုံးမှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံရုံးမှ Deputy Chief of Mission Mr. Bong Yik Jui နှင့် တာဝန်ရှိသူများ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ အောက်တိုဘာလ ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉၄၃၉ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၉၃၃၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၀၂ ဦးကို သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆောင်ရွက်လျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသည့် နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။