မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးသည် ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် (၇၆) နှစ် ပြည့်မြောက်ပြီဖြစ်သည်။ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို ၁၉၅၄ ခုနှစ်တွင် ချမှတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အပြည့်အဝထောက်ခံကြိုးပမ်းပေးခဲ့သည်။ (၇၆) နှစ်တာကာလအတွင်း နှစ်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် အလွှာအသီးသီးအကြား ဆက်ဆံရေးသည် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာပြဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို အခြေခံကျသည့်မူဝါဒအဖြစ် ခိုင်မာစွာကျင့်သုံးလျက်ရှိသည်။ ရှေ့ဆက်၍လည်း နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုစေရန်အတွက် “တရုတ်တစ်နိုင်ငံတည်း မူဝါဒ” ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နှစ်နိုင်ငံအကြား “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် စိန်ရတု အခါသမယ ပြည့်မြောက်ခဲ့ပြီး ဆက်လက်ရှင်သန် တိုးတက်လျက်ရှိသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီး နောက်တစ်ရက်၌ တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ပေးခဲ့ခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှအသိုက်အဝန်းမှ အတူမျှဝေခံစားသည့်စိတ်ဓာတ် ခိုင်မာမြဲမြံသောချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ဖော်ပြခြင်းပင်ဖြစ်သည်။ အရေးအကြီးဆုံးအချိန်တွင် ငလျင်ဒဏ်ခံစားကြရသည့် မြန်မာပြည်သူများအား ရှာဖွေကယ်ဆယ်ကူညီပေးခဲ့ကြသည့် တရုတ်နိုင်ငံအစိုးရနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို မြန်မာပြည်သူများကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရမည်ဖြစ်သည်။ ထို့အပြင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ်ယွမ်ငွေ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိသည့် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တရုတ်နိုင်ငံက မိတ်ဆွေကောင်းပီသစွာဖြင့် မြန်မာနိုင်ငံအတွက် ပေးအပ်ခဲ့သည်။
အခက်ခဲဆုံးအချိန်တွင်ရရှိခဲ့သည့် ပထမဦးဆုံး ပြည်ပအကူအညီဖြစ်သောကြောင့် တရုတ်နိုင်ငံ၏ အချိန်မီကူညီပံ့ပိုးမှုများသည် မြန်မာနိုင်ငံအစိုးရနှင့် သဘာဝဘေးဒဏ်ခံစားကြရသည့် ပြည်သူများအတွက် များစွာခွန်အားဖြစ်စေသည်။ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် အဓိကကျသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍများအတွက်လည်း စဉ်ဆက်မပြတ် ပေးအပ်လျက်ရှိသည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသသည့် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ဆွေမျိုးပေါက်ဖော်ပီသသည့် ရိုင်းပင်းကူညီပေးမှုများအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားများကိုယ်စား ကျေးဇူးတင်ရမည်ဖြစ်သည်။ အခက်အခဲ ဒုက္ခဆင်းရဲရောက်နေချိန်တွင် အကူအညီပေးသူသည် မိတ်ဆွေကောင်းပင်ဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေး (၇၆) နှစ်မြောက် အခါသမယတွင် မြန်မာ-တရုတ် နှစ်နိုင်ငံပြည်သူများအတွက် ရေရှည်တည်တံ့သည့် ဘုံအကျိုးစီးပွားနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-တရုတ် အနာဂတ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကိုမြှင့်တင်နိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာ-တရုတ် နှစ်နိုင်ငံသည် ရေမြေတောတောင်ချင်းထိစပ်နေရုံသာမက ယဉ်ကျေးမှုနှင့် ကိုးကွယ် ယုံကြည်မှုအပိုင်းတွင်လည်း အလွန်နက်ရှိုင်းသည့် တူညီသောအချက်များရှိသည်။ ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ကမ္ဘာ့အမွေအနှစ် “ပုဂံသဗ္ဗညုဘုရားကြီး” ကို တရုတ်နိုင်ငံ၏ နည်းပညာ၊ ရန်ပုံငွေများဖြင့် ပူးပေါင်းပြုပြင်ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များအား တန်ဖိုးထားခြင်းကို ညွှန်းဆိုဖော်ပြလျက်ရှိသည်။
ထို့အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကိုအခြေခံသည့် အနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံပြည်သူများ နှစ်သက်လက်ခံကြသဖြင့် အနုပညာဖန်တီးမှုများမှတစ်ဆင့် ယဉ်ကျေးမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရှင်သန်ဖွံ့ဖြိုးလာခဲ့သည်။ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု (၇၆) နှစ်မြောက်အခါသမယတွင် နှစ်နိုင်ငံခေါင်းဆောင်များအကြား၊ နှစ်နိုင်ငံအစိုးရများအကြား၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ခိုင်မာလာပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲကာ အစဉ်အမြဲ ရပ်တည်နေထိုင်လျက်ရှိပါကြောင်း။ ။
