ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့်ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့်ငွေကျပ် ၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော် ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 06, 2026
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်သို့ ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် တာမွေ မြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်နေ မျိုးညီညီဟိန်း(၃၂)နှစ်နှင့် မနှင်းသဇင်ဦး(၂၉)နှစ်တို့ထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၂၆ ဒသမ ၆ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီတွင် အလားတူ လေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်နေ တင်အောင်သန်း(၃၂)နှစ်၊ မခင်သန္တာဝင်း(၃၃)နှစ်၊ ရေတွင်းကုန်းရပ်ကွက်နေ ခင်မောင်သန်း(၄၁)နှစ်နှင့် ချမ်းမြေ့ပိုင်(၂၄)နှစ်တို့ ၄ ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၆ ဒသမ ၀၅ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဖမ်းဆီးရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအားလက်ခံ၍ ပို့ဆောင်ပေးသည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီရုံးခန်းအား ဝင်ရောက်ရှာဖွေရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာတောင်ညွန့်ရပ်ကွက်နေ မထက်ဧကရီ (၂၃)နှစ်နှင့် ဖို့မြေရပ်ကွက်နေ မကြယ်စင်လင်းလဲ့(၁၉)နှစ်တို့ ၂ ဦးထံမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၅ ကီလိုအား ဆက်လက်ဖမ်းဆီးရမိပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မလေးရှားသို့ ပို့ဆောင်ပေးရန် အပ်နှံသူ အောင်မြေသာစံမြို့နယ်၊ နှင်းဆီတန်ဖိုးနည်းအိမ်ရာနေ အောင်ကျော်ဝင်း(ခ)အောင်အောင် (၄၁)နှစ်နှင့် ၎င်း၏ဇနီး မသန္တာလွင်(၄၆)နှစ်တို့အား လားရှိုးမြို့၊ ရပ်ကွက်(၂)ရှိ ဟိုတယ်တွင် အိုက်စ် (မက်သ်အဖက်တမင်း) ၁ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်း ဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၃၁၆၇၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၉၃ ဒသမ ၁၅ ကီလိုအား သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်စေခိုင်းသူမှာ သီပေါမြို့နယ်၊ လင်တိကျေးရွာနေ လောက်ချီ (ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
