လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် လက်လုပ်မိုင်း ၇ လုံးအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့

လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် လက်လုပ်မိုင်း ၇ လုံးအား ဖယ်ရှားရှင်းလင်းနိုင်ခဲ့


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 01, 2026
image_latest


နေပြည်တော် ဇွန် ၁

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများတွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ လမ်းပန်းဆက်သွယ်ရေး ထိခိုက်ပျက်ပြားစေပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖျက်စီးရန်ရည်ရွယ်၍ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြုကာ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်စီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ရှိ နွားထိုးကြီး-ပြင်စည်ကားလမ်းမကြီးတစ်လျှောက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ခြင်းများ ဆောင်ရွက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များက နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဖက်ခူးကျေးရွာနှင့် ရှောက်တောဝကျေးရွာကြား ကားလမ်း ဘေးဝဲ/ယာဘက်များ၌ မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ အများပြည်သူထိခိုက်ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊ အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိလက်လုပ်မိုင်း ၃ လုံး၊ အရှည် ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံးနှင့် သံပိုက်ဖြင့် ပြုလုပ် ထားသော အချင်း ၁ ပေခန့်၊ အလျား ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့အားတွေ့ရှိ၍ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျဖယ်ရှား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။