အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်တိုက်ဖျက်

အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်တိုက်ဖျက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 19, 2024
image_latest


ယဉ်ကျေးမှုအစဉ်အလာကြီးမားသော မြန်မာနိုင်ငံ၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ်ကာလ၊ မြန်မာတို့၏ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ကူးပြောင်းသည့် မင်္ဂလာရှိသောအချိန်ကာလ၊ ထိုကဲ့သို့ ကောင်းမြတ်သည့် နေ့ရက်ကာလများတွင် မြန်မာတစ်မျိုးသားလုံး ပျော်ရွှင်ချမ်းမြေ့၊ စိတ်ကြည်နူးဖွယ် အစဉ်အလာဓလေ့များကို နိုင်ငံတစ်ဝန်း၌ မြင်တွေ့ရသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

သို့သော် မြန်မာတစ်မျိုးသားလုံးကောင်းကျိုးများကိုဆောင်ကြဉ်းပြီး စိတ်အေးချမ်းမြေ့ ပျော်ရွှင်ကြည်နူးနေကြချိန်တွင် ရန်လိုအမုန်းပွားစိတ်ထားဖြင့် ပျက်ပြားအောင်၊ အကျည်းတန်အရုပ်ဆိုးအောင် ပြုလုပ်ခဲ့သည့်လုပ်ရပ်များကို မြင်တွေ့ကြားသိရသည်မှာ စိတ်မချမ်းမြေ့စရာ၊ ဝမ်းနည်းစရာ၊ စက်ဆုပ်ရွံရှာစရာ၊ ခံပြင်းဒေါသဖြစ်စရာဖြစ်ရသည်။ အကြံပက်စက် ဆန်ကောလောက်မှ ဇောက်မနက်သည့် ဆင်ခြင်တုံအသိတရားနည်းပါးသော အကြမ်းဖက်အဖျက်သမားများကို မြန်မာတစ်မျိုးသားလုံးက ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်တိုက်ဖျက်ကြရမည်ဖြစ်သည်။

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ကာလမတိုင်မီကတည်းက မြန်မာနိုင်ငံတွင် အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူများက ၎င်းတို့အာဏာတည်ဆောက်နိုင်ရေးအတွက် မြို့ရွာ၊ လမ်းတံတား၊ အခြေခံအဆောက်အအုံများကို မကြာခဏတိုက်ခိုက်ဖျက်ဆီးနေကြသည်ကို မြင်တွေ့ရသည်။ သောင်းကျန်းသူအကြမ်းဖက်အဖျက်သမားများလက်ချက်ကြောင့် နိုင်ငံတော်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသူများ၊ အေးချမ်းစွာနေထိုင်ကြသည့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးပါးခဲ့ကြသည့် စိတ်မကောင်းဖွယ်အဖြစ်များကို မြင်တွေ့ကြားသိရပေသည်။

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်ခန့်အချိန်တွင် ပြင်ဦးလွင်မြို့ကို အကြမ်းဖက်အဖျက်သမားများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြင်ဦးလွင်မြို့ စံပါယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက်၊ အောင်မြေဇေယျာ ဘုန်းတော်ကြီးကျောင်း၊ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်၊ ဟိုတယ်တစ်လုံး၏အနီးနှင့် ရပ်ကွက်ကြီး (၅) ဘက်တွင်ရှိသည့် ရပ်ကွက်သူ ရပ်ကွက်သားနေအိမ်များစသည့် နေရာရှစ်နေရာတွင် ဗုံးများကျရောက်ပေါက်ကွဲခဲ့သည်။ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော်နှစ်ပါး ပျံလွန်တော်မူပြီး ပြည်သူနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း သိရသည်။

အဆိုးရွားဆုံးအနေဖြင့် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်ပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၁ ဦး ဒဏ်ရာများ ပြင်းထန်စွာ ထိခိုက်ခံစားရခြင်းဖြစ်သည်။ အဆိုပါလူမဆန်သည့်လုပ်ရပ်များကို NUG, PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး EAO အဖွဲ့များက ကူညီပံ့ပိုးပေးခဲ့သည်။ လွန်ခဲ့သောရက်များကလည်း အကြမ်းဖက်သမားများက ပြင်ဦးလွင်-မန္တလေးကားလမ်း၊ ပြင်ဦးလွင်မြို့အဝင်နေရာသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပလောက်မြို့ ပြည်သူ့ဆေးရုံ ကလေးကုသဆောင်ပေါ်သို့ အကြမ်းဖက်သမားများက ဒရော့ဗုံး ပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ခြောက်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ပြည်သူများ ကိုယ်စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ ပင်ပန်းနွမ်းနယ်သမျှကို အတာရေဖြင့် ပက်ဖျန်းလန်းဆန်းစေပြီး နှစ်သစ်ကို ပျော်ရွှင်ချမ်းမြေ့စွာကြိုဆိုနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်း၌ အတာသင်္ကြန်ပွဲတော်ကျင်းပနေသည့်ကာလတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်နေကြသော ပြည်သူများအား ထိခိုက်သေကျေပျက်စီးစေရန် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်အဖျက်သမားများ၏ အကျည်းတန်အရုပ်ဆိုးသော လုပ်ရပ်များကို ဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်တိုက်ဖျက်ကြရမည်ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူများသည် တော်လှန်ရေးအကြောင်းပြကာ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူများအား တိုက်ခိုက်နေသည်။ ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော မြို့ရွာ၊ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်သဖြင့် အဆိုပါအကြမ်းဖက်သမားများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူများ၏ လူမဆန်သော အဖျက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက်သမားများကို ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချကြပြီး ထိရောက်စွာ ရှာဖွေရှင်းလင်းချေမှုန်းနိုင်ရန်အတွက် လျှို့ဝှက်စွာသတင်းပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။

HOT NEWS
January 4,