အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၁၉) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ရှင်ပြု အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၁၉) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ရှင်ပြု အလှူတော်မင်္ဂလာ ကျင်းပပြုလုပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 02, 2026
နေပြည်တော် မေ ၂
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၁၉) ကြိမ်မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာကို မေ ၁ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်အောင်မြင်ကျောင်းတိုက်၌ပြုလုပ်ရာ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယက အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥတ္တမအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းများအား လားရှိုးမြို့ရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများနှင့် ရန်အောင်မြင် ရှေးဟောင်းဆုတောင်းပြည့်စေတီတို့၌ လှည့်လည်ကြပြီး ရန်အောင်မြင်ကျောင်းတိုက်၌ ရဟန်းလောင်း(၂၁)ပါးနှင့် ရှင်သာမဏေလောင်း (၂၆)ပါးတို့အား ဆံချမင်္ဂလာပြုလုပ်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက ရန်အောင်မြင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများအား သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်ပေးကြသည်။
ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ရန်အောင်မြင်ကျောင်းတိုက်၌ ဒုလ္လဘရဟန်းလောင်း (၂၁)ပါးတို့အား ရဟန်းခံခြင်းဆိုင်ရာ ဆောင်ရွက်ဖွယ်ရာ သံဃာကိစ္စများဖြစ်သည့် ဥပဇ္ဈာယ်ယူခြင်း ရဟန်းလောင်းဆုံးမခြင်း၊ ဥပသမ္ပဒကမ္မဝါရွက်ဖတ်ကာ ဥပသမ္ပဒကံဆောင် မြင့်မြတ်သောရဟန်းဘောင်အဖြစ်သို့ သွတ်သွင်းခြင်းကိုဆောင်ရွက်တော်မူကြပြီး အလှူရှင်များက ပင့်သံဃာတော်များ ဒုလ္လဘရဟန်းများနှင့် ရှင်သာမဏေများအား သိမ်ဆင်းဆက်ကပ်လောင်းလှူကြသည်။
ထို့နောက် ဇမ္ဗူအေးအေတီတပ်ဦးကျာင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဇမ္ဗူအေးအေတီတပ်ဦးကျောင်းဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
