ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 23, 2025
ပုသိမ် မေ ၂၂
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာအဆင့်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ကျောင်းအပ်ကြပါစို့”သီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းအား မေလ၁၅ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ဆောင်ရွက်ခဲ့ပြီး ယနေ့မှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် အခြေခံပညာ ကျောင်းဖွင့်လှစ်မှုအများဆုံး၊ ကျောင်းတက်ရောက်မှုအများဆုံးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်အများဆုံး တိုင်းဒေသကြီးဖြစ်ပြီး ယခုပညာသင်နှစ်တွင်လည်း ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းတက်ရောက်ရေးနှင့် စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမှုများအားလိုက်လံကြည့်ရှုအားပေးခဲ့ပြီး အောင်ချက်မြင့်မားရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာ့ပညာရေးမျှော်မှန်းချက်များဖြစ်သည့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်ရေးနှင့် အနည်းဆုံး KG+9 အလယ်တန်းပညာ ပြီးမြောက်အောင်မြင်သည်အထိ ပညာသင်ယူနိုင်ရေး၊ အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များပေါများရေး၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုမြှင့်တင်ရေး၊ အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှု အားပေးရေးဟူသော ရည်မှန်းချက်(၄)ရပ်ကို ပေါက်မြောက်အောင်မြင်စေရန် ပညာရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း၍ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဆောင်ပုဒ်ဖြစ်သော ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မေလ၂၂ရက်နေ့မှ ဇွန်လ၁ရက်နေ့ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီးကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် ကျောင်းတက်ရောက်ရေးနှင့် အောင်ချက်ရာနှုန်းမြင့်မားရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ရေး”ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့က အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံများပေးအပ်ခဲ့ကြသည်။
ထို့နောက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“ဇာတိမာန်”သီချင်းဖြင့် သီဆိုဂုဏ်ပြုရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုသီချင်းသီဆိုခဲ့ကြသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ကျောင်းအပ်လက်ခံနေမှုများအား ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမများအား ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ စဉ်ဆက်မပြတ်တန်းစဉ် ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။