ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များ ပြန်လည်ဝင်ရောက်
ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား များ ပြန်လည်ဝင်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ ကော့သောင်း / December 27, 2018

ကော့သောင်း ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသများတွင် သွားရောက်အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမား အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၁ဝဝ သည် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည် ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါအလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်ရင်း အကြောင်းအမျိုးမျိုး ကြောင့် ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူခံရကာ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်သည့် မြန်မာအလုပ်သမား များဖြစ်ပြီး ထိုင်း-မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ၏ကူညီမှုဖြင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဒေသအာဏာပိုင်များထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်သည်။
နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများကို ကော့သောင်းမြို့ နယ် အုပ်ချုပ် ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကူညီကြပြီး ပြည်သူ့ ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
လာရောက်လွှဲပြောင်းပေးအပ်သည့် မြန်မာအလုပ်သမားများမှာ တနင်္သာရီ၊ ရန်ကုန်၊ မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းမရှိဘဲ အစွန်းရောက် အကြမ်းဖက်သမားများ၊ မူးယစ် ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူ အတုများအား စိစစ်ရှာဖွေခြင်းနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးပြီး ၎င်းတို့နေရပ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)