မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်လှစ်
မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်လှစ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 07, 2019

နေပြည်တော် မေ ၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ အကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့် အမှာစကားပြောကြားသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက်၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် မြန်မာအကအခြေခံကဗျာလွတ်အက (ပထမ အဆင့်) ဆင့်ပွားနည်းပြသင်တန်း အမှတ်စဉ်(၁/၂၀၁၇)တွင် ပထမဆုရရှိခဲ့သော မွန်ပြည်နယ်မှ သင်တန်းသူများ၏ ကဗျာလွတ်အကကို Video Clip ဖြင့် ပြသခဲ့ပြီး အနုပညာ ဦးစီးဌာန၊ ထုတ်လုပ်ဌာနခွဲမှ အနုပညာရှင် ဝန်ထမ်းများက “ကဗျာ့ပန်းမြိုင်လယ်” ယိမ်းအကဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်သည်။
တက်ရောက်
ယနေ့ စတင်ဖွင့်လှစ်ခဲ့သော မြန်မာအကအခြေခံ ကဗျာလွတ်အက (ပထမအဆင့်) ဆင့်ပွား နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၁၉)၏ သင်တန်းကို မေ ၆ ရက်မှ ၁၁ ရက်အထိဖြစ်ပြီး အဆိုပါသင်တန်းတွင် ကချင်ပြည်နယ်မှ သင်တန်းသူ ၁၅ ဦး၊ ကယားပြည်နယ်မှ သင်တန်းသူ ၁၂ ဦး၊ ကရင်ပြည်နယ်မှ သင်တန်းသား/သင်တန်းသူ ၁၃ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ သင်တန်းသား/သင်တန်းသူ ၂၀ ဦး၊ မကွေးတိုင်းဒေသကြီးမှ သင်တန်းသား/သင်တန်းသူ ၂၀ ဦးနှင့် ဧရာဝတီ တိုင်းဒေသ ကြီးမှ သင်တန်းသား/သင်တန်းသူ ၂၀ ဦးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန(သာသနာရေး)မှ သင်တန်း သူ(ဝန်ထမ်း) ၂၀ ဦး၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ ၁၂၀ ဦးတို့ တက်ရောက်လျက် ရှိပါကြောင်း သိရသည်။
(သတင်းစဉ်)