မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 06, 2026


     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူ များကို အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၄ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ဂန့်ဂေါ)မှ ဒုတိယမူလတန်းပြဆရာမဖြစ်သူ ဒေါ်ချိုချိုအေး(၄၉)နှစ်သည် ၎င်း၏ဖခင်ဖြစ်သူ ဦးဘချို(၇၆)နှစ်အား ဆေးကုသပေးရန် ဂန့်ဂေါမြို့မှ မန္တလေးမြို့ဘက်သို့ ခရီးသည်တင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဂန့်ဂေါမြို့နယ်၊ တဇန်းကျေးရွာ အနီးလမ်းခွဲအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီး၍ ဒေါ်ချိုချိုအေးနှင့် ဦးဘချိုတို့ နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမား များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။