Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID -19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန် ဆွေးနွေး

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID -19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများနှင့် အပြန်အလှန် ဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 30, 2020


နေပြည်တော်  ဇွန်  ၃ဝ

Coronavirus Disease 2019(COVID-19)ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် COVID -19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးနှင့် ဘားအံပြည်သူ့ဆေးရုံ အထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာချိုချိုစန်းထူးတို့နှင့် ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ချိန်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲသည် ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ မပေါ့ဆလာစေရန်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်းများ စတင်သတ်မှတ် ခဲ့သည်မှာ ဧပြီ၊ မေနှင့် ဇွန်လ များဆိုပါက ၃ လ ကျော်လာပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ အနည်းငယ်ငြီးငွေ့လာခြင်းနှင့် ပေါ့ဆလာခြင်းများရှိလာကြပါကြောင်း၊ အနည်းငယ် စိတ်ပူမိလာ ပါကြောင်း၊ ပေါ့ဆနေ၍မရပါကြောင်း။

သတင်းများကို လေ့လာကြည့်မည်ဆိုပါက အခြားနိုင်ငံများတွင် ကောင်းသွားပြီဆိုပြီး ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်း ဝင်လာသည်ကို တွေ့ရပါကြောင်း၊ မိမိတို့အနေဖြင့် ဒုတိယလှိုင်းကို ဖြစ်နိုင်ပါက လုံးဝကာကွယ်လိုပါကြောင်း၊ ဆိုးရွားစွာ မဖြစ်စေလိုပါကြောင်း၊ ထို့ကြောင့် ကာကွယ်ရေးရှု ထောင့်နှင့် ကုသရေးရှုထောင့်များအနေဖြင့် မည်သည်တို့ကို သတိပြုရန်လိုအပ်သည် မည်သည့် အတွက်ကြောင့် သတိပြုရန်လိုအပ်သည် စသည်တို့ကို အများပြည်သူ ရှင်းရှင်းလင်းလင်း နားလည်နိုင်စေရန် ဆောင်ရွက်ပေးလိုပါကြောင်း၊ ပေါ့ဆ၍ မဖြစ်သေးပါကြောင်း၊ နောက် နှစ်လသုံးလခန့် စည်းကမ်းထိန်းသိမ်းပြီး လိုက်နာဆောင်ရွက် ကြမည်ဆိုပါက အန္တရာယ်ကို ကျော်လွန်သွားပြီဟု ပြောနိုင်မည့်အခြေအနေသို့ ရောက်ရှိနိုင်ပါကြောင်း၊ ရောက်မည်ဟု တိတိကျကျပြောခြင်း မဟုတ်ပါကြောင်း၊ အဆိုပါ အလားအလာကို ရှေ့ရှု၍ဆွေးနွေးလိုပါကြောင်း၊ ကျန်းမာရေးဦးစီးဌာနသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်အတွက် ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ အမြင်ဖြင့် မည်သည့်အတွက်ကြောင့် ယခုအချိန်တွင် ပေါ့ဆ၍မရသည်၊ မည်သည်တို့ကို အထူးသတိထားရမည်ဆိုသည်တို့ကို ဆွေးနွေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင် က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် တရုတ်နိုင်ငံ တွင် ကိုဗစ် - ၁၉ ကပ်ရောဂါ စတင်ပေါ်ပေါက်လာသည့်အချိန်မှစ၍ ကာကွယ်ရေးလုပ်ငန်း များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ အတွေ့အကြုံများသည် မိမိတို့ ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အထောက်အကူပြုပါကြောင်း၊ လုပ်ငန်းစတင်မှု ကြိုတင်ပြင်ဆင်မှုကို ဇန်နဝါရီ ၄ ရက် ကတည်းက စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဓိကအရေးကြီးသည့် နိုင်ငံဖြတ်ကျော်ဝင်ပေါက်ထွက်ပေါက်များကို အဓိကထား ကာကွယ်ရန် စီစဉ်ခြင်းဖြစ်သည့်အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် နယ်စပ်ဂိတ် များတွင် မိမိတို့ကျန်းမာရေးဌာနက ကြိုတင်စစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ဦးဆောင်၍ ဝန်ကြီး ဌာနတွင် နေ့စဉ်အစည်းအဝေးများ ပြုလုပ်ပါကြောင်း၊ ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေး လုပ်ငန်းလမ်းညွှန်များကို ပြုစုရေးဆွဲဖြန့်ဝေခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ Website နှင့် Facebook Page များမှတစ်ဆင့် ဖြန့်ဝေခဲ့ခြင်းဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းသာမက အခြားနှီးနွယ် န်ကြီးဌာနများ၊ ဗဟိုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို ကျယ်ကျယ်ပြန့်ပြန့် တစ်နိုင်ငံလုံးလွှမ်းခြုံဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ လုပ်ဆောင်မှုများကို ဗဟိုသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ချိတ်ဆက်နိုင်ရန် Video Conferencing စနစ်ဖြင့် ဆွေးနွေးလမ်းညွှန် အနီးကပ်ကြီးကြပ်လုပ်ဆောင်ခဲ့သကဲ့သို့ ဆေးရုံအပိုင်းတွင်လည်း အထူးကြပ်မတ် ကုသဆောင်များကို ပြင်ဆင်ခဲ့ပါကြောင်း၊ ပြည်သူလူထုသည် အသိပညာရှိရန် အသိပညာပေးလုပ်ငန်းများကို Social media အသုံးပြု၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ရပ်ကွက်ကျေးရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် လှည့်လည်အသိပေး ခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြေခံကျန်းမာရေး ကျွမ်းကျင်သူများသည် ဝန်ကြီးဌာနက ဖြန့်ဝေထားသည့် နေ့စဉ်အသိပေး ညွှန်ကြားနေသည့် အသိပညာများကို ပြည်သူများ ရရှိနိုင်ရန် အောက်ခြေအထိ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ထိုသို့ဆောင်ရွက်ခြင်းနည်းတူ ပြည်တွင်းပြည်ပခရီးသွားလာမှုကန့်သတ်ခြင်း၊ ပြည်ပမှ ဝင်ရောက် လာသူများကို စစ်ဆေးဆောင်ရွက်ခြင်း၊ သံသယလူနာများ ရှာဖွေဖော်ထုတ်၍ သီးခြားထား စစ်ဆေးကုသပေးခြင်း၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်း၊ ပြည်သူလူထု၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း၍ အသွားအလာကန့်သတ်သည့် Quarantine Centre များ တည်ထောင် လာခြင်းတို့တွင် ပြည်သူလူထုပူးပေါင်းပါဝင်လာခဲ့ပါကြောင်း၊ ရန်ပုံငွေ ရရှိရန်လည်း နိုင်ငံတော်နှင့် ပြည်သူများက ထည့်ဝင်ခဲ့ကြပါကြောင်း၊ တစ်ကိုယ်ရည် အကာအကွယ်ပစ္စည်းများကိုလည်း ဝယ်ယူဖြန့်ဖြူးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပထမဆုံး လူနာကို မတ်လ ၂၃ ရက်တွင် ရှာဖွေတွေ့ရှိပြီးသည့်နောက် ယခု အချိန်အထိ ၂၉၉ ဦးထိ တွေ့ရှိခဲ့ပါကြောင်း၊ မိမိတို့ မျှော်မှန်းထားသည်ထက် များစွာလျော့နည်းသည့် အရေအတွက် ကိုသာတွေ့ရှိခြင်းဖြစ်သည့်အတွက် မိမိတို့၏ ကြိုတင်ပြင်ဆင်မှုများနှင့် ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများသည် ထိရောက်မှုရှိသည်ကို တင်ပြလိုပါကြောင်း။

ကုသမှုပေးခဲ့သည့် လူနာများအနက် ၂၂၁ ဦးသည် ယနေ့တွင်ပြန်လည် ကောင်းမွန် လာပြီး သေဆုံးမှုသည် ၆ ဦးသာရှိခဲ့ပါကြောင်း၊ မိမိတို့၏ ထောက်လှမ်းမှုစနစ်များသည် ပြည်သူများအတွင်း တစ်ဦးနှင့် တစ်ဦး အချင်းချင်းကူးစက်မှု မရှိသလောက် လျော့နည်းသွား သည်ကို တွေ့ရှိရပါကြောင်း၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များမှ သတင်းပေးပို့ရမည့် ရောဂါအဖြစ် ကိုဗစ် - ၁၉ ကပ်ရောဂါကို သတ်မှတ်ပေးခဲ့ပါကြောင်း၊ ဧပြီ ၊ မေနှင့် ဇွန်လ များတွင် တိတိကျကျ နှိုးဆော် ဆောင်ရွက်ခဲ့သည့်အတွက် အိမ်တွင်နေထိုင်ရေး ညွန်ကြားချက်အတိုင်း လိုက်နာရေး ဆောင်ရွက်သည့်အခါ လူအစုလိုက်တွေ့ရသည့် နေရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် မြို့နယ်များတွင် အသွားအလာကန့်သတ်ခြင်း၊ စားသောက်ဆိုင်၊ ကျောင်းနှင့် စက်ရုံအလုပ်ရုံများတွင် ခေတ္တပိတ်ထားခြင်းနှင့် လူ ၅ ဦးထက်ပိုမစုရန် နှိုးဆော်တားမြစ်ခြင်း၊ တရားပွဲများ၊ သင်္ကြန်ပွဲများ မလုပ်ဆောင်ရန် တားမြစ်နိုင်ခြင်းတို့သည် ထိရောက်သည့် နည်းဗျူဟာများ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်ရောဂါတွေ့ရှိပြီး နောက်တွင် ရောဂါကူးစက်မှုကို လျော့နည်းလာအောင် လျှော့ချနိုင်ခဲ့ပါကြောင်း၊ ဧပြီလကုန်နောက်ပိုင်းတွင် ကယ်ဆယ်ရေး လေယာဉ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း၊ နယ်စပ်ဒေသများမှ တစ်ဆင့်ပြန်လာသည့် သူများကိုလည်း လက်ခံကြိုဆိုခဲ့ရာ ဇွန်လ ၂၈ ရက်ထိ ပြည်ပမှ ပြန်လာသူ နှစ်သိန်း ရှစ်သောင်းခန့်အထိ ပြန်လာခဲ့ကြပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုကို ခုနှစ်သောင်း ခြောက်ထောင်ခန့်ထိ စစ်ဆေးသည့်အခါ ဝ ဒသမ ၂ ရာခိုင်နှုန်းသာ ရောဂါပိုးတွေ့ရှိသည်ကို တွေ့ရပါကြောင်း၊ ရောဂါပိုးတွေ့ရှိသည်နှင့် ပြည်သူများသည် အကြောက်တရားဖြင့် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် နှာခေါင်းစည်းတပ်ရန်၊ လက်မကြာခဏဆေးရန်၊ လူစည်ကားရာ မသွားပါနဲ့၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ အိမ်မှာပဲနေပါစသည့် ညွှန်ကြားချက်များကို လိုက်နာကြပါကြောင်း၊ လူနာအသစ်တွေ့ရှိမှု လျော့ကျခြင်း၊ ပြည်တွင်းတွင် ကူးစက်မှုမြင့် တက်လာမှု မရှိခြင်း၊ နေ့စဉ်ထုတ်ပြန်ကြေညာချက်တွင် သံသယလူနာ လျော့ကျလာခြင်း၊ လူနာသေဆုံးမှုသည် (၂) ရာခိုင်နှုန်းခန့်သာရှိခဲ့သည့်အတွက် ဖြေလျော့မှုလုပ်သည်နှင့်အညီ ပြည်သူများအနေဖြင့် သတိလက်လွတ်ဖြစ်သွားနိုင်သည့် အခြေအနေမျိုးကို တွေ့ရပါကြောင်း၊ လနှင့်ချီ၍ ကန့်သတ်ထားသည့်အတွက် လူမှုစီးပွားရေး အခြေအနေများ ထိခိုက်မှုရှိလာပါကြောင်း၊ စီးပွားရေးပြန်လုပ်ရန် တာစူလာပြီး စက်ရုံအလုပ်ရုံ၊ စားသောက်ဆိုင်နှင့် လုပ်ငန်းခွင်များ ပြန်လည်ဖွင့်လှစ်ခွင့်များကို ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ညွှန်ကြားဆောင်ရွက် ထားပြီးဖြစ်သော်လည်း ရောဂါမကူးစက်အောင် လိုက်နာရမည့်၊ လုပ်ရမည့် အလုပ်များကို မလုပ်လျှင်ပေါ့ဆပြီး ရောဂါကူးစက်နိုင်သည့် အခြေအနေဖြစ်လာနိုင်သည်ကို တွေ့ရှိရပါကြောင်း။

တောင်ကိုရီးယား၊ တရုတ်၊ ဩစတေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် ဖြေလျော့မှုများ ပြုလုပ်ပြီးသည့်နောက် လူနာများပြန်လည်တွေ့ရှိသဖြင့် ပြန်လည်ကန့်သတ်မှုများ ပြုလုပ်ရပါ ကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ကျောင်းများပြန်ပိတ်ရန် စီစဉ်သည်ကို တွေ့ရပါကြောင်း၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများတွင် အဆင့်အလိုက် ဖြေလျော့မှုများ ဆောင်ရွက်သော်လည်း ပြည်ပခရီးသွားလုပ်ငန်းများကို ယခုထိ ကန့်သတ်ထားဆဲ ဖြစ်ပါကြောင်း၊ စင်ကာပူနှင့် နယူးဇီလန်နိုင်ငံတို့တွင် ဖြစ်ပွားမှုများ များစွာလျော့ကျကာ မရှိသလောက်ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဖြေလျော့ခဲ့ပြီးနောက် လူနာများပြန်လည် တွေ့ရှိနေသည်ကို သိရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လျော့ပေါ့စွာဆောင်ရွက်မည်၊ သတိလက်လွတ်ဆောင်ရွက်မည်ဆိုပါက ရောဂါကူးစက်မှုသည် အချိန်မရွေး မြင့်တက်လာနိုင်သည့်အတွက် ပေါ့ဆ၍မရသည်ကို ပြည်သူလူထုထံ တင်ပြလိုပါကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး က ကိုဗစ်-၁၉ သံသယလူနာများအား ကုသပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခဲ့ရသည့် အခြေအနေများနှင့် ကုသပေးခဲ့ရသည့်အခြေအနေများကို တင်ပြဆွေးနွေးလိုပါကြောင်း၊ ရန်ကုန်ဆေးရုံကြီးအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများအား ကုသပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်နေရာတွင် ရန်ကုန်ပြည်သူဆေးရုံကြီးသည် ကုတင် ၂ဝဝဝ ဆံ့ Tertiary Care Teaching Hospital တစ်ခု ဖြစ်ပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ကုသပေးသည့် သတ်မှတ်ဆေးရုံ မဟုတ်ပါကြောင်း၊ သို့သော်လည်း ကိုဗစ်-၁၉ (PUI) သံသယလူနာများကို အများဆုံး ကုသပေးနေသည့် ဆေးရုံတစ်ရုံ ဖြစ်ပါကြောင်း။

ကိုဗစ် -၁၉ သံသယလူနာများ ထားရှိရေးနှင့် ဆေးရုံအတွင်း ရောဂါကူးစက်မှုများ မဖြစ်ပေါ်နိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ဆေးရုံဌာနအသီးသီးမှ ပါမောက္ခဆရာဝန်ကြီး များနှင့် တိုင်ပင်ညှိနှိုင်းပြီး လူနာများထားရှိရန် နေရာသတ်မှတ်ခြင်း၊ လူနာသယ်ယူရေး လမ်းကြောင်း ရွေးချယ်ခြင်း၊ CCTV၊ Intercom ၊Oxygen Pipeline များတိုးချဲ့တပ်ဆင်ခြင်း၊ လိုအပ်သော ဆေးဝါးနှင့် စက်ကိရိယာများ ဖြည့်ဆည်းဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခင်က ဆေးရုံသုံးစက်ကိရိယာ ပစ္စည်းများ လိုအပ်ချက်များရှိသော်လည်း ယခုအခါနိုင်ငံတော်နှင့် စေတနာအလှူရှင်ပြည်သူလူထုတို့မှ ဖြည့်ဆည်းပေးထား၍ အတော်အသင့် ပြည့်စုံနေပြီ ဖြစ်ပါကြောင်း။

လူနာများအား ကုသကိုင်တွယ်သည့်အခါ လူနာအချင်းချင်း၊ လူနာထံမှ ဝန်ထမ်းများ ရောဂါကူးစက်မှု မဖြစ်ပေါ်နိုင်ရေးအတွက် PPE ဝတ်ဆင်ခြင်း၊ ချွတ်ခြင်းတို့ကို စနစ်တကျ ဝတ်ဆင်နိုင်ရန် PPE Trainingများ နှင့် ကူးစက်ရောဂါများ ထိန်းချုပ်ရေးအတွက် (Infection Control practice) အလေ့အကျင့်များကို ဝန်ထမ်းများအား လုပ်ငန်းခွင်မပျက် ဆောင်ရွက်၍ စဉ်ဆက်မပြတ် သင်ကြားပေးလျက်ရှိပါကြောင်း။

ကိုဗစ် -၁၉ လူနာ၊ ကိုဗစ် -၁၉ သံသယလူနာများထားရှိသည့် ဝေဘာဂီအထူးကု ဆေးရုံ၊ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံ၊ ဖောင်ကြီးဆေးရုံများသို့ ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဆေးလူမှုဆက်ဆံရေးမှူးများအား အလှည့်ကျ သွားရောက် တာဝန်ထမ်းဆောင်စေပြီး လူနာများအား ကုသမှုများ ဆောင်ရွက် ပေးနေပါကြောင်း။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလမှ စတင်၍ အဖျားရှိသည့် လူနာများ လာရောက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဆရာဝန်ကြီးများမှ ကိုဗစ်-၁၉ ရောဂါ လက္ခဏာသံသယရှိပါက အထူးသတိပြု စစ်ဆေးကုသခဲ့ပါကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် မတ်လမှ စတင်၍ ကိုဗစ်-၁၉ သံသယလူနာများကို ကုသမှုပေးခဲ့ပြီး ယနေ့အထိ လူနာစုစုပေါင်း ၁၁၄၇ ဦးရှိခဲ့ပါကြောင်း၊ ထိုလူနာများအနက် ၁၁ ဦးမှာ ကိုဗစ်-၁၉ Test Positive ဖြစ်ခဲ့ပါကြောင်း၊ ဧပြီလ နှင့် မေလ တို့တွင် ဆေးရုံကြီး၌ နေ့စဉ် သံသယလူနာ စုစုပေါင်း ၁ဝဝ ဝန်းကျင်ခန့်ရှိပြီး တစ်နေ့လျှင် လူနာအသစ် ၂၅ ဦး မှ ၃ဝ ဦးခန့်အထိ တတ်ရောက် ကုသခံယူလျက်ရှိပါကြောင်း။

ပြည်သူ့ဆေးရုံကြီးမှ သံသယလူနာများကို မိမိတို့ဆေးရုံအလိုက် လက်ခံကုသပေးပြီး Swab Test ယူကာ Positive အဖြေထွက်ပါက သက်ဆိုင်ရာသတ်မှတ်ထားသည့် ဆေးရုံကြီးများသို့ ပို့ဆောင်၍ ကုသမှုများ ဆက်လက် လုပ်ဆောင်ပေးခဲ့ပါကြောင်း၊ Negative လူများကို မိမိတို့ဆေးရုံများ၌ ဆက်လက်ကြည့်ရှု ကုသမှုများ ပေးလျက်ရှိပါကြောင်း၊ လူနာများ သယ်ယူပို့ဆောင်ရေးအတွက် လက်ထောက်ညွှန်ကြားရေးမှူး (ဆေးရုံအုပ်) တစ်ဦးမှ ဦးဆောင်ကာ ဆေးရုံပိုင် လူနာတင်ယာဉ် ၃ စီးဖြင့် ပုဂ္ဂလိက ဆေးရုံများ၊ ပြည်သူ့ ဆေးရုံများ၊ Quarantine Center များမှ ပိုးတွေ့လူနာများ၊ သံသယလူနာများ၊ ၎င်းလူနာ များနှင့် ထိတွေ့ခဲ့သည့် လူများ (Closed contact) ကို ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပ ဆေးရုံများသို့ ချိတ်ဆက်ပို့ဆောင်ပေးခဲ့ပါကြောင်း။

ယခုအချိန်တွင်ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြား ထားသည့် Mask တပ်ခြင်း၊ Social Distancing နှင့် Stay at home တို့ကို လိုက်နာကြပြီး နိုင်ငံတော်၏ အစီအစဉ်ဖြင့် Facility Quarantine, Home Quarantine ထားရှိခြင်း စသည့် တို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် သေဆုံးမှုနည်းပါး၍ ဆေးရုံတက် ရောက်သည့် သံသယလူနာများ တဖြည်းဖြည်းလျော့နည်းလာပါကြောင်း၊ ထို့ကြောင့် ဆေးရုံအနေဖြင့် နိုင်နင်းစွာကုသပေးနိုင်ပါကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းများ အနေဖြင့်လည်း သံသယလူနာများနှင့် Non COVID လူနာများအားလုံးကို စိတ်ရောကိုယ်ပါ စေတနာထက်သန်စွာဖြင့် ညှိနှိုင်းကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အသွားအလာကန့်သတ်ခြင်းများ အထိုက်အလျောက် ဖြေလျော့လာသည့်အတွက် တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ရောဂါအမျိုးမျိုးဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အားကိုးတကြီး လာရောက်ပြသသည့် ပုံမှန်လူနာများသည်လည်း ယခင် ပုံမှန်အတိုင်း များပြားလာပါကြောင်း၊ ရန်ကုန်ဆေးရုံကြီးသည် အနယ်နယ်အရပ်ရပ်မှ RTA case များ လာရောက်ကုသမှုခံယူသည့် ဆေးရုံကြီးဖြစ်ပါကြောင်း၊ ယခုအခါ လမ်းများပေါ်တွင် ယာဉ်နှင့်လူအသွားအလာ ပြန်လည်များပြားလာသည့်အတွက် ယခင်ကဲ့သို့ ယာဉ်တိုက်လူနာများလည်း တဖြည်းဖြည်း ပြန်လည်များပြားလာသည်ကို တွေ့ရှိရပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဆက်လက်လိုက်နာမှုအားနည်းလာသည့်အတွက် ကူးစက်ရောဂါလူနာများ ပြန်လည် များပြားလာနိုင်ပြီး ပုံမှန်လာရောက်ကုသသည့် လူနာများနှင့် ကူးစက်ရောဂါလူနာများ အတွက် ကုသမှုပေးရာတွင် နိုင်နင်းစွာကုသမှုပေးရန် ခက်ခဲလာနိုင်ပါကြောင်း။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ထားသည့် စည်းကမ်းချက်များကို ဆက်လက်ထိန်းသိမ်းလိုက်နာကြပါရန် မေတ္တာရပ်ခံလိုပါ ကြောင်း။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့်လည်း ဆေးရုံတက်လူနာများအားလုံးကို နိုင်နိုင် နင်နင်း ထိရောက်စွာ ကုသမှုပေးနိုင်ရန် အခက်အခဲများ ရှိနေသည့်ကြားမှ ပါမောက္ခကြီးများ၊ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြေခံဝန်ထမ်းများက ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း။

ရန်ကုန်၌ ဧပြီနှင့် မေ နှစ်လတွင် မည်သည့်နေရာကိုမျှ မသွားရပါကြောင်း၊ ယခင် သင်္ကြန်အချိန်ကာလတွင် တော်တော်များများ ထွက်ကြပြီး သင်္ကြန်ကာလအတွင်း ထိခိုက် ဒဏ်ရာရသည့် လူနာ ၉ဝဝ ဦးကို ကုသမှုပေးခဲ့ရပါကြောင်း၊ ယခုအချိန်သည် ဖြေလျော့လိုက် သည်ကို အကြောင်းပြု၍သွားလာလိုသည့်အတွက် Super Market များသို့ အတိုးချ၍ သွားလာနေကြပါကြောင်း၊ ကျောင်းများမဖွင့်သေးပါကြောင်း၊ ကျောင်းများဖွင့်လျှင် ကားများ ပိုမို များပြားလာမည်ဖြစ်ပါကြောင်း။

ယခုအခါ ပုံမှန်အတိုင်း ကားလမ်းများပိတ်နေပါကြောင်း၊ လမ်းတွင်သွားလာနေသည့် သူများမှာလည်း Mask တပ်ဆင်သည့် ဦးရေ နည်းလာပြီး စည်းကမ်းလျော့နည်းလာသည်ကို များစွာတွေ့ရှိရပါကြောင်း၊ ယခင်အချိန်က လူစုလူဝေးနေရာများသို့ သွားပါက Mask တပ်ဆင်ပြီး ခပ်ခွာခွာနေကြပါကြောင်း၊ အိမ်ထဲတွင် နေကြပါကြောင်း၊ ယခုအချိန်သည် ယခင် ဧပြီနှင့် မေလများထက်လမ်းပေါ်တွင် လူများစွာ သွားလာနေကြ သည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် အပြင်သို့ ထွက်နေသည့်သူများမှာ လူငယ်များ ဖြစ်ပါကြောင်း ပြန်လည် ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ ဘားအံပြည်သူ့ဆေးရုံ အထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာ ချိုချိုစန်းထူးက ကရင်ပြည်နယ်သည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ကူးသန်းသွားလာမှု များပြားသောကြောင့် ကိုဗစ်ရောဂါပြန့်နှံ့လာနိုင်သည့် အန္တရာယ်ကြီးမား ပါကြောင်း၊ ဘားအံဆေးရုံသည် ကုတင် ၂ဝဝ ဆေးရုံသာဖြစ်သော်လည်း ပြည်နယ် ဆေးရုံကြီး ဖြစ်သောကြောင့် ကိုဗစ်လူနာဆိုင်ရာ designated hospital အဖြစ် ပြင်ဆင် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ကိုဗစ်ရောဂါသည် အလွန်ကြောက်စရာကောင်းသည့် ရောဂါသစ် ဟု သဘောပေါက်နာလည်ကြပြီး ခုခံကာကွယ်ရန်အတွက် ဆရာဝန်/ဆရာမများအားလုံး ပေါင်းစည်းညှိနှိုင်း၍ ဆေးရုံအုပ်ကြီး၊ ရောဂါဗေဒဆရာဝန်ကြီး၊ မေ့ဆေးဆရာဝန်ကြီး၊ ဆေးပညာအထူးကုများ၊ ကလေးဆေးပညာ အထူးကုများ သာမက သားဖွား မီးယပ်အထူးကု၊ ခွဲစိပ်အထူးကု၊ အရေပြား၊ ကိုယ်အင်္ဂါပြန်လည် သန်းစွမ်းရေးအထူးကု၊ အရိုးအထူးကု၊ မေထရွန်ကြီး၊ သူနာပြုဆရာမကြီးများ၊ ဆေးလူမှုဌာနများ အားလုံး စုပေါင်းပြီး စည်းဝေး တိုင်ပင်ဆောင်ရွက်ခဲ့ပါကြောင်း။

နယ်ဆေးရုံတစ်ခုအနေဖြင့် ကပ်ရောဂါသစ်ကို ရင်ဆိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် အချိန်များများမရနိုင်ကြောင်း တွက်ဆမိသဖြင့် နိုင်ငံတော်က ပံ့ပိုးမှုကို သာမက မိမိတို့အစီအစဉ်၊ ရပ်ရွာနှင့် အလှူရှင်များ အားဖြည့်မှုကိုပါ လက်ကမ်း ကြိုဆိုပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မိဘပြည်သူများက တစ်ခဲနက်လာရောက် လှူဒါန်းကြသည်မှာ ကျေးဇူးတင်စရာ ကောင်းလှပါကြောင်း၊ မိမိတို့ဆေးရုံတွင် ယခင်က isolation သီးသန့်ဆောင်ရှိပြီးဖြစ်သော်လည်း ကိုဗစ်ရောဂါအနေအထားအရ လူနာများ များပြားလာနိုင်သည့် အတွက် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ဆေးရုံအတွင်းရှိ အဆောင်တစ်ဆောင်ကို ကိုဗစ်လူနာပြုစု ကုသရန် သီးသန့်ဆောင်အဖြစ် ရွေးချယ်ပြင်ဆင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာပြီး နိုင်ငံတော်အစိုးရ၏ အထောက်အပံ့များ၊ ပြည်နယ်အစိုးရနှင့် ဒေသခံစေတနာရှင်၊ အလှူရှင်များ၏ ဝိုင်းဝန်းပံ့ပိုးမှုအင်အားကို ရယူကာ ကိုဗစ်ကုသရေး သီးသန့်ဆောင်ကို စနစ်တကျ ပြင်ဆင်ခဲ့ပါကြောင်း။

ယင်းသီးသန့်ဆောင်တွင် လူနာ ၅ ဦးကို တပြိုင်နက်တည်းလက်ခံနိုင်အောင် ပြင်ဆင် ခဲ့ပါကြောင်း၊ သီးသန့်ဆောင်အတွက် အောက်ဆီဂျင်အိုးများ၊ ဆောက်ဆီဂျင် ထုတ်လုပ်သော Bedside Concentrator များ၊ ဆေးသွင်းစက်များ၊ ကုသမှုအထောက်အကူပြု စက်ကရိယာ များကို တတ်နိုင်သလောက် ဖြည့်ဆည်းတပ်ဆင်ခဲ့ပါကြောင်း၊ လေအေးပေး စက်များနှင့် CCTV များလည်း တပ်ဆင်ခဲ့ပါကြောင်း၊ ထို့ပြင် ကိုဗစ်လူနာသီးသန့် ICU ကို Isolation ဆောင်တွင် ဖွဲ့စည်းတည်ဆောက်ခဲ့ပါကြောင်း၊ အသက်ရှူ အားကူစက် ၂ လုံးကို အဆင်သင့် တပ်ဆင်ခဲ့ပြီး မေ့ဆေးဆရာဝန်ကြီး၏ အနီးကပ်ကြီးကြပ်မှုဖြင့် အောက်ဆီဂျင် ပိုက်လိုင်းများ ကိုလည်း စနစ်တကျ တပ်ဆင်နိုင်ခဲ့ပါကြောင်း၊ ဘားအံမြို့ရှိ လူမှုရေးအသင်းအဖွဲ့များသည် ကူညီဆောင်ရွက်မှု အလွန်မြင့်မားသည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဆရာဝန်ကြီး၊ ပြည်နယ်ဆေးရုံအုပ်ကြီး၊ ဘာသာရပ် များမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် CMC group ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ပြင် CMC Viber group ကိုလည်း ဖွဲ့စည်းကာ သံသယလူနာ၊ စောင့်ကြည့်လူနာ၊ ရုတ်တရက် အဆုပ်ရောင်လူနာများ၊ ကိုဗစ်လူနာများအကြောင်းကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆွေးနွေး တိုင်ပင်ကြပါကြောင်း၊ လိုအပ်ပါက ဗဟိုကော်မတီနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက် ပါကြောင်း၊ ထို့ပြင် Fever ခန်းနှင့် ရုတ်တရက် အဆုတ်ရောင်လူနာကုသခန်းများကိုလည်း ဆေးရုံအတွင်း သီးသန့်ဖွဲ့စည်း ထားပါကြာင်း။

ကရင်ပြည်နယ်၏ ပထမဆုံးသံသယလူနာသည် မတ်လ ၇ ရက်နေ့တွင် စတင် ရောက်ရှိလာပါကြောင်း၊ ပြည်နယ်ဆေးရုံသို့ ဇွန်လ ၂၅ ရက်အထိ သံသယလူနာပေါင်း ၁၃၈ ဦး ရောက်ရှိခဲ့ပါကြောင်း၊ case No 186 နှင့် case No 187 တို့သည် မေလ ၁၈ ရက်တွင် လည်းကောင်း၊ case No 265 သည် ဇွန်လ ၁၉ ရက်တွင်လည်းကောင်း၊ case No 294 သည် ဇွန်လ ၂၈ ရက်တွင်လည်းကောင်း ရောက်ရှိလာပါကြောင်း၊ ၎င်းတို့ကို ကိုဗစ် သီးသန့် လူနာဆောင်တွင် နေရာချထားပြီး ကုသလျက်ရှိပါကြောင်း၊ သူနာပြု ဆရာမများ လူနာပြုစုမှုဆိုင်ရာ ဝင်ရောက်ခြင်းနှင့် ဆရာဝန်ကြီး ပုံမှန် round လှည့်ခြင်းကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူနာခန်းအားလုံးတွင် cctv တပ်ဆင်ထားပြီး round ပြီးချိန်တွင်လည်း ဆရာမများခန်းမှလည်း မျက်ခြည်မပြတ် အကဲခတ်နေပါကြောင်း၊ ဆရာဝန်ကြီးများ၏ ဖုန်းနှင့်လည်း ချိတ်ဆက်ထားပြီး အမြဲမပြတ် လေ့လာစစ်ဆေးမှုများ ဆောင်ရွက်ပါကြောင်း။

လူနာများ အထီးကျန် စိတ်အားငယ်မှု မဖြစ်မပွားစေရန်နှင့် စိုးရွံ့မှုများလျော့ပါးသွား စေရန်အတွက် လူနာ၏ဖုန်းနံပါတ်ကိုယူထားပြီး တာဝန်ခန်းဖုန်းနံပါတ်၊ ဆရာဝန် ဖုန်းနံပါတ် ပါ ပေးထားပြီး စကားပြောခြင်း၊ သတင်းမေးခြင်း၊ အားပေးခြင်းများ ဆောင်ရွက် ပေးပါကြောင်း၊ Isolation ရနေချိန်တွင် ပြင်ပကမ္ဘာလောကနှင့် အဆက်မပြတ် တစ်သားတည်း ဖြစ်စေရန် ဖုန်းမရှိသူများကို ဖုန်းရရှိအောင် ဝိုင်းဝန်းလှူဒါန်းခြင်း၊ ရေဒီယိုများ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အစားအစာ၊ အဝတ်အစား၊ ဆပ်ပြာ၊ သွားတိုက်ဆေးကအစ ပြည့်စုံအောင် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း။

ဘားအံဆေးရုံသည် ကုတင် ၂ဝဝ ဆေးရုံသာဖြစ်သော်လည်း ပြည်နယ်အစိုးရနှင့် အလှူရှင်များ ပံ့ပိုးကူညီမှုဖြင့် ကျောက်ကပ်ဆေးသည့် unit တစ်ခုတည်ထောင်နိုင် ခဲ့ပါကြောင်း၊ ဘားအံဆေးရုံ၏ ဆေးပညာအထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်သည့် ဒေါက်တာ ဝင်းဝင်းမြင့်က တာဝန်ယူ၍ စက် ၅ လုံးဖြင့် ကျောက်ကပ်ဆေးကြောပေးလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်ပြီး ကျောက်ကပ် ဆေးကြောနေရသည့် မြန်မာနိုင်ငံသားများသည် ကပ်ရောဂါကို ကြောက်လန့်သည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ဝင်လာပါကြောင်း၊ ပြန်ဝင် လာသည့်အခါ Quarantine ၂၁ ရက်ဝင်ရပါကြောင်း၊ ၎င်းတို့အသက်ရှင်သန်ရေးအတွက် ကျောက်ကပ်ပုံမှန်ဆေးနေရသူများဖြစ်ပါကြောင်း၊ ကျောက်ကပ် ပုံမှန် မဆေးကြောနိုင်ပါက အသက်အန္တရာယ်အတွက် စိုးရိမ်ရပါကြောင်း။

ရောဂါပိုး ပါမပါ မသေချာသေးသည့် စောင့်ကြည့်ကာလလူနာများကို အခြားလူနာများ ဆေးကြောသည့် စက်နှင့်ဆေးရန် စိုးရိမ်မှုများရှိသည့်အတွက် ဒေါက်တာဝင်းဝင်းမြင့် က မတည်ငွေလှူဒါန်းကာ အလှူရှင်များစုပေါင်း၍ စက်အသစ်တစ်လုံး အမြန်တပ်ဆင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကျောက်ကပ်ဆေးသည့်စက် စုစုပေါင်း ၆ လုံးရှိပါကြောင်း၊ တစ်လုံးကို Quarantine လူနာများအတွက် သီးသန့်ထားရှိပါကြောင်း၊ ယခုအချိန်တွင် ဝန်ကြီးဌာန၏ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် အဆင်ပြေလျက်ရှိပါကြောင်း။

ယခုအခါ ပြည်သူများသည် ကပ်ရောဂါကို စိုးရိမ်ကြောက်လန့်မှု လျော့နည်းလာသည့် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာမှု တဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာ့နိုင်ငံအချို့တွင် ကိုဗစ်ရောဂါ သည် တစ်ကျော့ပြန်ဖြစ်ပွားလျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိနိုင်ငံတွင် ကိုဗစ်ရောဂါ မကူးစက် မပြန့်ပွားစေရေးအတွက် ပြည်သူများအနေဖြင့် ညွှန်ကြားချက်များကို လိုက်နာကြရန် အထူးလိုအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ကာကွယ်ရေး တွင် အောင်မြင်ခဲ့ခြင်းသည် စောစီးစွာ အစီအစဉ်များချမှတ်ခဲ့၍ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အစောဆုံး စည်းမျဉ်းစည်းကမ်းများ ချမှတ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်ဟုဆိုလျှင် မမှားပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကို နိုင်ငံအများစုသည် ခပ်ပေါ့ပေါ့ ဖြစ်နေကြပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကို ကိုင်တွယ်နိုင်မည်ဟု ယူဆကာ လေးလေးနက်နက် မမြင်ကြသည်ကို သတိပြုမိပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ဇန်နဝါရီ ၄ ရက် ကတည်းကစတင်၍ လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်၍ ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့သဖြင့် အထောက်အကူများစွာ ဖြစ်ခဲ့ပါကြောင်း၊ အကြမ်းအားဖြင့် ကြည့်မည်ဆိုပါက ပြည်တွင်းတွင် ကူးစက်ခြင်း မရှိဘဲ ပြည်ပမှပြန်လည် ဝင်ရောက်လာသူပြည်သူများတွင် ရောဂါပိုးပါလာခြင်းသည် များပါကြောင်း၊ ထို့ကြောင့် သတိထားရန် လိုအပ်သဖြင့် မကြာခဏ သတိပေးနေပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားမှုပုံစံသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံကွာခြားသည်ဟု ပြောဆိုကြပါကြောင်း၊ တစ်နေရာနှင့်တစ်နေရာအပေါ်အခြေခံ၍ ပြောင်းလဲသွားပါကြောင်း၊ မိမိတို့နိုင်ငံတွင် အများစုသည် ရောဂါလက္ခဏာပြသခြင်းမရှိဟု ပြောကြပါကြောင်း၊ ထိုသို့ လက္ခဏာ မပြခြင်းသည် အလွန်ကြောက်မက်ဖွယ်ဖြစ်ပါကြောင်း၊ လက္ခဏာပြသသဖြင့် မြင်တွေ့ရလျှင် ရှောင်တိမ်း၍ ရပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါလက္ခဏာ လုံးဝမပြသဖြင့် ရှောင်တိမ်း၍ မရပါကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကို သတိဖြင့်နေထိုင်ခြင်းသည် လွန်စွာ အရေးကြီး ပါကြောင်း၊ ရောဂါရှည်ခြင်းသည် ကောင်းမွန်သည့်ကိစ္စရပ် မဟုတ်ပါကြောင်း၊ ရောဂါကုသရန် နိုင်ငံတော်အနေဖြင့်လည်း ရုန်းကန်ရပါကြောင်း၊ လူနာကိုယ်တိုင်လည်း ရုန်းကန်ရပါကြောင်း၊ အလားတူ လူနာ၏ မိသားစုအသိုင်းအဝန်းကလည်း ရုန်းကန် ရပါကြောင်း၊ သတိတရားသည် အဓိကဖြစ်ပါကြောင်း၊ သတိထား၍ ကာကွယ်ခြင်းသည် ကုသခြင်းထက်များစွာ ထိရောက်ပါကြောင်း။

ရန်ကုန်မှ ပြည်သူများ အပြင်သို့ များပြားစွာ ထွက်နေကြပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တွင် နေသူတစ်ဦးအနေဖြင့် မည်သည့်ကိစ္စကြောင့် များစွာထွက်ကြသည်ကို အနည်းငယ် သုံးသပ်ပေးစေလိုပါကြောင်း၊ အလုပ်နှင့် ပတ်သက်၍ သွားသည်ကို မပြောလို ပါကြောင်း၊ အထူးသဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားနေရသူများအနေဖြင့် အလုပ်အခွင့် အရေးရှိလျှင် သွားလာလုပ်ကိုင်နေရမည်ဖြစ်ပြီး မိသားစုအတွက် ရုန်းကန်ရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း အင်းလျားကန်စောင်းတွင် လမ်းလျှောက်သွားလာပြီး လူစုလူဝေး တော်တော်များများဖြင့် သွားလာနေသည်မှာ ရန်ကုန်တွင် မည်သည့်ကိစ္စကြောင့် သွားလာကြသည်ကို ပြောပြပေးစေ လိုပါကြောင်း။

ထွက်ပေါက်ဆိုသည်မှာ မိမိစိတ်တွင်ရှိပြီး အားလုံးသတိပြုရန် လိုအပ်ပါကြောင်း။ မည်သို့ လျှောက်သွားနေပါသော်လည်း အထီးကျန်ခံရဆုံးအချိန်သည် လူအုပ်ထဲတွင်ဆိုသည့် စကားအရ ကိုယ်တစ်ယောက်တည်းရှိနေသလို၊ ကိုယ့်ကိုမည်သူမှ ဂရုမစိုက်သလို လူအုပ်ထဲ တွင် အထီးကျန်ခံရသည့် စိတ်သည် အဆိုးဆုံးဟု စိတ္တပညာရှင်များက သုံးသပ်ခဲ့ဖူး ပါကြောင်း၊ ထွက်ပေါက်ဆိုသည်မှာ မိမိ၏စိတ်ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုက်တွန်းလို သည်မှာ နောက်ထပ် နှစ်လ ၊ သုံးလ သည်းခံပေးကြစေလိုပါကြောင်း၊ နှစ်လ၊ သုံးလဆိုလျှင် အားလုံးပေါင်း ၅ လ ၆ လ ဆိုသည့်အချိန်သည် ကြာမြင့်သည့်အချိန် မဟုတ်ပါကြောင်း၊ ဘဝသက်တမ်းတစ်ခုတွင် ၅ လ ၆ လ သည် ကြာမြင့်သည့်အချိန်ဟု မပြောနိုင်ပါကြောင်း၊ မကြာခဏ သတိပေးနေရသည်မှာ မိမိတို့နိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သဖြင့် စိတ်ဓာတ်အင်အားနှင့် ရပ်တည်နေရပါကြောင်း၊ စိတ်ဓာတ်အင်အားနှင့် ရပ်တည်နေရသည် ဆိုသည်မှာ စည်းကမ်းဖြင့် ရပ်တည်နေရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တာဝန်ကိုလေးစား ရမည်၊ စည်းကမ်းကို ထိန်းသိမ်းရမည်၊ မိမိကိုယ်ကို စိတ်ချမ်းသာစွာ နေတတ်အောင် နေရမည်ဖြစ်ပါကြောင်း၊ မိမိစိတ်ချမ်းသာမှုကို မိမိသာလျှင် ဖန်တီးနိုင်ပြီး မည်သူမျှဖန်တီး ပေး၍ မရပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း ကျန်းမာရေးနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်များအားလုံးက ဝိုင်းဝန်းသတိပေးစေလိုပါကြောင်း၊ ယခုအချိန်သည် ပြည်ပမှပြန်လာသည့် မိမိတို့ပြည်သူများကို မိမိတို့အနေဖြင့် ကြိုဆိုကြရမည် ဖြစ်ပါကြောင်း၊ အရေးအကြောင်း ကြုံလာသည့်အခါ မိမိတို့၏ မိဘအိမ်သို့ ပြန်လာ၍ရသည့် သဘောမျိုး ဖြစ်ပါကြောင်း၊ မိမိနိုင်ငံသို့ ပြန်လာနိုင်ပါကြောင်း၊ မိမိနိုင်ငံသို့ ပြန်လာပါက ပြဿနာ ရှိလျှင် အားလုံး ဝိုင်းဝန်းကူညီပေးမည့်သူများရှိသည်ဆိုသည့် စိတ်ဓာတ်ဖြင့် ပြန်လာသည်ကို ကြိုဆိုကြရမည် ဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်ကို ရှင်သန်အောင် လုပ်ဆောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ ယင်းစိတ်ဓာတ်ကို ရှင်သန်အောင်လုပ်မှ မိမိတို့နိုင်ငံသည် ပြည်ထောင်စု တစ်ခုအနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် ဖြစ်ပါကြောင်း။

ယနေ့ တွေ့ဆုံရခြင်း၏အဓိကအချက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စိတ်ပူ လာပါကြောင်း၊ ပြည်သူများပေါ့လာပါကြောင်း၊ ပြည်သူများက မိမိတို့ မဖြစ်တော့ ပါဘူး၊ ယခုလောက်ဆိုလျှင် ယခုအန္တရာယ်ကြီးက လွန်သွားပြီဟု ထင်နေပါကြောင်း၊ မလွန်သေးကြောင်းကို သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တွင် ကိုဗစ်ရောဂါနှင့် ပတ်သက်သည့် စည်းကမ်းများကို မလိုက်နာသည့်အတွက် အကျိုးဆက်အနေဖြင့် အခြားရောဂါများနှင့်ထိခိုက်မှုများ ပိုရှိလာပါကြောင်း၊ ဥပမာ ယာဉ်များ၊ လူများ အသွားအလာ များလာသည့် အတွက် ယခင်ကအတိုင်း ကားတိုက်မှုများ ပို၍ဖြစ်လာပါကြောင်း၊ လူနာများ များလာပါကြောင်း၊ များလာသည့် အတွက်ကြောင့် ဆေးရုံက ယင်းလူနာများကို ကြည့်ရှုသည့် အထဲတွင် ကိုဗစ်ရောဂါဖြစ်ပါကလည်း ပြန်လည်ကြည့်ရှုရပါကြောင်း၊ အလုပ်များက ပို၍ပြင်းထန်လာပါကြောင်း၊ ပြင်းထန်လာသည့် အခါတွင် နိုင်ငံအတွက် ရင်ဆိုင်ရမည့်ကိစ္စများ ပိုများလာပါကြောင်း၊ ထို့ကြောင့် သတိ၊ သတိဆိုသည်ကို ခဏခဏ ပြောနေရပါကြောင်း၊ ထပ်တလဲလဲပြောမှ ဦးနှောက်ထဲတွင် စွဲသွားသည်ဟု ပညာရှင်များက ပြောကြပါကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြောသွားသည့်အထဲတွင် စောစောစီးစီး ကာကွယ်ရန် ခြေလှမ်းများစခဲ့သည့်အတွက် ယခုအချိန်အထိ ထိန်းနိုင်ခြင်းဖြစ်ပါကြောင်း၊ ယခုလို အခြေအနေမျိုး ရောက်မှ ပေါ့လျော့သွားပြီး ယခုအန္တရာယ်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် များစွာနှမျောစရာ ကောင်းပါကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည်များ အဟောသိကံ ဖြစ်သွား မည် ဖြစ်ပါကြောင်း၊ သေသေချာချာစီစဉ်ပြီး မဖြစ်အောင် ကာကွယ်ခဲ့သည့် အကျိုးဆက်များသည် အလကား အဟောသိကံဖြစ်သွားလျှင် မည်မျှနှမျောစရာကောင်းမည်နည်း၊ မိမိတို့နိုင်ငံ၏ အရင်းအမြစ်များ အတွက်လည်း အလွန်နှမျောစရာကောင်းပါကြောင်း၊ ပြည်သူများ အတွက်လည်း နှမျောစရာ ကောင်းပါကြောင်း၊ ပြည်သူများသည် မိမိတို့၏ အဖိုးအတန်ဆုံး အရင်းအမြစ်များ ဖြစ်ပါကြောင်း၊ ရောဂါကြောင့် ပြည်သူများထိခိုက်သွားပြီဆိုလျှင် နိုင်ငံ အင်မတန်မှ ထိခိုက်ပါကြောင်း၊ ထို့ကြောင့် တစ်ချိန်လုံးသတိထားစေလိုပါကြောင်း။

နောက်ပိုင်းတွင် ပြည်သူများက မကြောက်တော့ကြောင်းကို ဆွေးနွေးသွားပါကြောင်း၊ အမြဲကြောက်နေခြင်းမှာလည်း မကောင်းပါကြောင်း၊ ကြောက်ခိုင်းခြင်း မဟုတ်ပါကြောင်း၊ သတိရှိရန် ပြောခြင်းဖြစ်ပါကြောင်း၊ သတိရှိခြင်းနှင့် ကြောက်ခြင်း မတူညီပါကြောင်း၊ အပြင်သွားသည့်အခါ မျက်နှာဖုံးတပ်လိုက်ခြင်းသည် သတိဖြစ်ပါကြောင်း၊ လက်ကို မှန်မှန် သေသေချာချာဆေးခြင်း၊ အိမ်ပြန်လာသည့်အခါတွင် ချက်ချင်းလက်ဆေးခြင်း၊ မျက်နှာဖုံး များချွတ်ပြီး အဝတ်များ ချက်ချင်းလဲခြင်း စသည့်ကိစ္စရပ်များသည် များစွာ အပန်းမကြီး ပါကြောင်း၊ ယင်းခြေလှမ်းများလှမ်းခြင်းအားဖြင့် ယခုထက် အပန်းကြီးသည့် အခြေအနေကို မရောက်သွား နိုင်အောင် မိမိကိုယ်ကိုကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်ချိန်လုံး သတိပေးနေရခြင်း ဖြစ်ပါကြောင်း။

အခြားနိုင်ငံများတွင် ပြန်လည်ပြီး ဒုတိယကြိမ် ပြန်ဖြစ်လာခြင်းသည် ပိုမိုဆိုးရွား ကြောင်း၊ သတင်းစာထဲတွင် အမေရိကန်နိုင်ငံရှိ တစ်ချို့ပြည်နယ်များတွင် ဖွင့်ခွင့်ပေးပြီးမှ ပြန်လည်ပိတ်ရပါကြောင်း၊ ကိုဗစ်ဖြစ်ပွားသည့် လူနာနှုန်းအလွန်မြင့်တက်လာသည့်အတွက် ဖွင့်ခွင့်ပေးထားသည့် စားသောက်ဆိုင်များ၊ အခြားနေရာများ စသည်ဖြင့် ပြန်လည် ပိတ်လိုက်ရပါကြောင်း၊ မိမိနိုင်ငံတွင် ယင်းကဲ့သို့ မဖြစ်ပွားစေချင်သဖြင့် ဖြည်းဖြည်းချင်း လျှော့ပေးလျက်ရှိပါကြောင်း၊ တစ်လှမ်းချင်း တစ်လှမ်းချင်း သွားနေပါကြောင်း၊ သို့သော် လည်း တစ်ချို့က စိတ်မရှည်ပါကြောင်း၊ အမြန်သွားပြီးမှ နောက်သို့ ပြန်ဆုတ်ရခြင်းသည် အလွန်ခက်ခဲပါကြောင်း၊ နောက်ပြန်ဆုတ်ခြင်းသည် ပြဿနာဖြစ်သည့်အတွက် နောက် ပြန်ဆုတ်ရခြင်း ဖြစ်ပါကြောင်း၊ ပြဿနာမဖြစ်ပွားအောင် ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါကြောင်း၊ ထို့ကြောင့် တဖြည်းဖြည်းချင်းသွားရန် လိုအပ်ပါကြောင်း၊ ဘားအံက တင်ပြသွားသည့်အထဲတွင် အားလုံးပူးပေါင်းဆောင်ရွက်သည်ဆိုသည့်ကိစ္စသည် အလွန် အားရစရာ ကောင်းပါကြောင်း၊ ကရင်ပြည်နယ်မှ လူငယ်များကို အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ လူငယ်များသည် ယခုအချိန်ကတည်းက မေတ္တာ၊ စေတနာစိတ်ကို လေ့ကျင့် မွေးမြူခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် များစွာကောင်းမွန်ပါကြောင်း၊ အရေးကြီးဆုံးသည် မေတ္တာ၊ စေတနာဖြစ်ပါကြောင်း၊ လူမှုရေးစိတ်ဓာတ်ဖြင့် အများအတွက် လုပ်ပေး ချင်သည့် စိတ်ဓာတ်ကို အားပေးရမည်ဖြစ်ပါကြောင်း၊ အားပေးသည့် နည်းတစ်နည်းသည် အသိအမှတ်ပြုခြင်းပင် ဖြစ်ပါကြောင်း၊ ကောင်းသည့်ဆောင်ရွက်ချက်များကို အသိအမှတ် ပြုရန်လိုအပ်ပါကြောင်း၊ လူသားများအချင်းချင်း ချစ်ခင်ကြင်နာမှုပွားများရန် ကြိုးစားဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုက ပြောသည့်စကားတစ်ခွန်း ရှိပါကြောင်း၊ မိမိက အခြားသူကို လက်ညှိုးတစ်ချောင်းထိုးပါက ကိုယ့်ဘက်ကို သုံးချောင်းပြန်ထိုးသည်ကို သတိထားကြရန် ဖြစ်ပါကြောင်း၊ လူငယ်များတွင် အကောင်းမြင်တတ်ပြီး အခြားသူများကို ကူညီချင်သည့် စိတ်ဓာတ်များရှိလာခြင်းသည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် မျှော်လင့်ချက်ပေးသည့် လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း။

ယနေ့တင်ပြသွားသည့်အထဲတွင် ပြည်ပမှ ပြန်လာသည့် အချို့လူနာများတွင် ဖုန်းမရှိသည်ဟု ကြားသိရပါကြောင်း၊ လူတစ်ချို့တွင် အသုံးမပြုတော့သည့် ဖုန်းများရှိပါ ကြောင်း၊ အသုံးပြု၍တော့ ရသေးပါကြောင်း၊ သို့သော် အကြောင်းကြောင်းကြောင့် မသုံး တော့သည့် ဖုန်းများကို အလှူခံရင် ကောင်းမလားဟု စဉ်းစားနေပါကြောင်း၊ ဘာမှ အကုန်အကျမရှိဘဲ မိမိအသုံးမပြုတော့သည့် ဖုန်းအပိုကို လှူခြင်းမျိုးသည် အများအတွက်လည်း အကူအညီဖြစ်ပါကြောင်း၊ လူနာများ အတွက်လည်း နွေးထွေးမှုကို ခံစားရပြီး စိတ်ဓာတ်ခွန်အားများ တက်ကြွလာကာ ရောဂါပျောက်ကင်းရန် အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အားလုံးဝိုင်းဝန်းပြီး ဆောင်ရွက်ပေးကြရန်၊ ဆက်လက်ပြီး သတိထားရန်၊ မပေါ့လျော့ရန်၊ သည်းခံကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သူများအားလုံး ကိုဗစ် ရောဂါစိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ရန် ဝိုင်းဝန်းကူညီကြသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါ အခက်အခဲကိုကျော်လွှားနိုင်ပြီး ယင်းအခက်အခဲထဲမှ နိုင်ငံအတွက် အကျိုးအမြတ်တစ်ခု ထုတ်ယူနိုင်ပါက ကိုဗစ်ကာလအတွက်သာမက နောင်တွင် နိုင်ငံသူနိုင်ငံသားများအတွက် အားတက်စရာအကြောင်းတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း၊ နောင်အနာဂတ်အတွက် စွမ်းရည်များပေးခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသည့် ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ပြောကြားသည်။

#Myanmar State Counsellor Office

HOT NEWS
January 4,