မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်းများ နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်းများ နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 22, 2026


    အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံး ပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ် ၂၀ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီတွင် မတ္တရာမြို့နယ်၊ ဘိုကုန်းကျေးရွာနေ ဦးမောင်မောင်လေး(၅၉)နှစ်သည် ကြားကျေးရွာရှိ ဦးကျော်မြင့်(၅၆)နှစ်၏ ကြက်မွေးမြူရေးခြံသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်စဉ် အဆိုပါခြံအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အလားတူ မတ် ၂၀ ရက် မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာနေ ဒေါ်အေး(၅၅)နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။