မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံး 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံး 


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 22, 2026


    အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုး သယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

    ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ် ၂၀ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ နတ်မောက်-စိုင်ကောင်းကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၁ ဖာလုံအနီး ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မတ် ၁၈ ရက်တွင် မကွေးမြို့နယ်၊ လေးအိမ်ကျေးရွာနေ ဦးခင်မောင်ထွန်း(၄၄)နှစ်သည် နတ်မောက်မြို့နယ်၊ ပတောက်ငုပ်ကျေးရွာနေ ဦးစန်းလင်း(ခ)ဦးငချင်းနှင့်အတူ နွားဝယ်ရန် ပျော်ဘွယ်မြို့သို့ ထွက်ခွာသွားခဲ့ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့ရာ နတ်မောက်-စိုင်ကောင်းကားလမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးခင်မောင်ထွန်းအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းနှင့် ဦးစန်းလင်း(ခ)ဦးငချင်းမှာ ပျောက်ဆုံးနေသဖြင့် ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

    အလားတူ မတ် ၂၀ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာနေ ဦးစိုးဌေးအောင်(၅၀)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦးက ဆိုင်ကယ် လေးစီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

    အထက်ပါဖြစ်စဉ်များတွင် PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။