ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / June 21, 2025

နေပြည်တော် ဇွန် ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်သူပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအတွက် လိုအပ်သည့်မဲပေးစက်များ ထုတ်လုပ်လျက်ရှိပြီး ရရှိလာသည့် မဲပေးစက်များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပျက်စီးမှုမရှိစေရေး စနစ်တကျသိမ်းဆည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်တစ်ခုနှင့်တစ်ခုအကြား သတ်မှတ်ကာလအတွင်း မဲပေးစက်များ လုံခြုံစွာစနစ်တကျရွှေ့ပြောင်းပေးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နည်းလမ်းများ ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌက ရွေးကောက်ပွဲတွင် မဲပေးစက်များ ကိုင်တွယ်အသုံးပြုမည့် မဲရုံဝန်ထမ်းများ ဆင့်ပွားသင်တန်းပေးမည့် အစီအစဉ်များနှင့် MEVM စက်များ မြို့နယ်များသို့ ရွှေ့ပြောင်းရာတွင် ကြိုတင်စီမံထားရန် လိုအပ်သည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် ကျွမ်းကျင်သူပညာရှင်များက မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းသင်တန်းများပို့ချရေး၊ မဲပေးစက်များကို ရွေးကောက်ပွဲအပိုင်းအလိုက် ရွှေ့ပြောင်းရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် MEVM ဆိုင်ရာတာဝန်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က MEVM စက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၆/ ၂၀၂၅)
Posted on Jun 20, 2025Myanmar National Human Rights Commission Statement (6/ 2025)
Posted on Jun 20, 2025မြန်မာနိုင်ငံပြန်တမ်း
Posted on Jun 20, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။