ငမိုးရိပ်ရေလှောင်တမံမှ ရေဖောက်ချမည်ဟု သတင်းဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်


Ministry of Information/ Naypyitaw / October 16, 2023
image


ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်တည်ရှိပြီး တမံအမြင့် (၇၅) ပေ၊ အလျား(၁၅၅၀၀) ပေ၊ ရေလှောင်ပမာဏ (၁၈၀၀၀၀) ဧကပေ၊ လယ်မြေဧရိယာ (၃၀၅၆၇) ဧကကို စိုက်ပျိုးရေပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း နေ့စဉ်ရေဂါလန် (၁၃၀) သန်း ပေးဝေလျက်ရှိပါသည်။ ရေလှောင်တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံအဖြစ် ရေထုတ်ပြွန်(၁)ခု၊ ရေပိုလွှဲ (၁) ခုနှင့် အကူရေပိုလွှဲ (၁) ခု သာပါရှိပါသည်။ အခြားရေဖောက်ချ၍ရသည့် နေရာမရှိပါ။

ငမိုးရိပ်ရေလှောင်တမံသည် ၅.၉.၂၀၂၃ နေ့ ၁၂:၀၀ နာရီမှစ၍ ကန်ရေပြည့်သိုလှောင်နိုင်သည့် ပမာဏထက် ရေဝင်ရောက်မှုဖြစ်ပေါ်လာသဖြင့် ရေပိုလွှဲမှ စတင်ရေကျော်ကာ မူလချောင်းအတွင်းသို့ ပြန်လည်စီးဆင်းခဲ့ပါသည်။ ထိုသို့ ပုံမှန်ရေကျော်စီးဆင်းနေခဲ့ရာမှ ၆.၁၀.၂၀၂၃ မှ ၁၁.၁၀.၂၀၂၃ နေ့အထိ ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့် ရေလှောင်တမံ၏ အောက်ဘက်ဧရိယာများတွင် မိုးများရက်ဆက်ရွာသွန်းခဲ့ရာ စုစုပေါင်းမိုးရေချိန် (၁၄.၉၀) လက်မအထိ ထူးကဲစွာရွာသွန်းခဲ့ပါသည်။

ထို့ကြောင့် ငမိုးရိပ်ရေလှောင်တမံ၏ရေပိုလွှဲတွင် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိရာမှ (၈.၁၀.၂၀၂၃) နေ့ ၂၁:၀၀ နာရီတွင် (၆.၁) ပေအထိ အမြင့်ဆုံးရောက်ကာ ရေကျော်စီးဆင်းခဲ့ပါသည်။ ရေကျော်စီးဆင်းသည့် ရေများသည် မူလငမိုးရိပ်ချောင်းအတွင်းသို့ စီးဆင်းခြင်း၊ ရေလှောင်တမံ၏ အောက်ဒေသများတွင် မိုးများရက်ဆက်ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ ချောင်းရေများ စုပေါင်းစီးဝင်လာသောကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

ငမိုးရိပ်ရေလှောင်တမံတွင်(၇.၇.၂၀၀၇)နေ့တွင် ရေပိုလွှဲမှ(၆.၁၅)ပေ ကျော်လွန်စီးဆင်းခဲ့ဖူးပါသည်။ လက်ရှိ ၁၃.၁၀.၂၀၂၃ နေ့နံနက် ၀၆:၀၀ နာရီ ရေပိုလွှဲမှ (၄.၇၅)ပေသာ ကျော်လွန်စီးဆင်းလျက်ရှိပြီး ရေအမှတ်များ ဆက်တိုက်လျော့ကျလာလျက်ရှိပါသည်။ လက်ရှိရေအမြင့်အရရေလှောင်တမံပေါ်သို့ ရေကျော်နိုင်သည့်အခြေအနေ လုံးဝမရှိပါကြောင်း၊ ရေလှောင်တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့်အခြေအနေ ဖြစ်ပါသည်။

အများပြည်သူ စိတ်ပူပန်နေရသည့် အနေအထားမရှိပါကြောင်းနှင့် ရေလှောင်တမံတွင် ရေဖောက်ချရမည့်နေရာ၊ အဆောက်အအုံမပါရှိခြင်း၊ ဖောက်ချသည့် ဖြစ်စဉ်မျိုးလည်းမရှိခြင်း၊ ဆောင်ရွက်ရန်လည်းမရှိခြင်းတို့ကြောင့် ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေထပ်မံမြင့်တက်လာရန်လည်း မရှိပါကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။

ငမိုးရိပ်ရေလှောင်တမံတွင် ကြိုတင်ရေးဆွဲထားသည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက် (EPP- Emergency Preparedness Plan) ပါအတိုင်း ရေပိုလွှဲမှရေစတင်စီးဆင်းသည့်အချိန်မှစ၍ တမံအောက်ဘက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများသို့စိုးရိမ်မှုမရှိစေရေး အသိပေးအကြောင်းကြားထားရှိပြီး ဖြစ်ပါသည်။ တမံအောက်ဘက်ရှိ ဒေသခံများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် EPP ပါ စီမံချက်အတိုင်း စီမံဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန