ညစ်ညမ်းစာများဖော်ပြပါရှိသည့် ထုတ်ဝေစာများအား အရေးယူဆောင်ရွက်မှု အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / November 14, 2024
image


၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ကြောင်း ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၆ တွင် ပြဋ္ဌာန်းထားရှိသည်။

၂။ ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်-၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House- ၀၃၂၆၆) တို့မှ ပုံနှိပ်ထုတ်ဝေသောစာရေးသူ Mahuyar ရေးသားသည့် "1500 Miles to you" နှင့် “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ” စာအုပ်များတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကိုဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစား နားလည်မှုကို လွဲမှားစေနိုင်သော ညစ်ညမ်းစာများ ဖော်ပြပါရှိကြောင်း တွေ့ရှိရပါသည်။

၃။ သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ) ပါ စည်းကမ်းချက်ကို ဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့သည့် ပုံနှိပ်သူ ဦးရာဇာရဲထွဋ် (Right ပုံနှိပ်တိုက်-၀၁၃၃၇) နှင့် ထုတ်ဝေသူ ဒေါ်စိန်ကြည် (The Destiny Book House-၀၃၂၆၆) တို့၏ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီး ယင်းစာအုပ်များအား တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်းနှင့် ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန