မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၅/ ၂၀၂၄)


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်/ Yangon / June 11, 2024


၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၆ ပုဒ်မခွဲ (က) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၆ တို့တွင် ပညာသင်ယူခွင့်နှင့် စပ်လျဉ်း၍ ဖော်ပြပါရှိပါသည်။

၂။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ တို့အရ အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၊ လူငယ်သင်တန်းကျောင်း တို့ကို သွား‌ရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများ၊ လူငယ်သင်တန်း ကျောင်းများမှ ကလေးသူငယ်များ၏ ပညာသင်ယူခွင့် အခွင့်အရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ကြည့်ရှုစစ်ဆေးစဉ် တက္ကသိုလ်ဝင်တန်းပညာရေး ဆက်လက်သင်ယူလိုသည့် အကျဉ်းသား/ အကျဉ်းသူများရှိပါက သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက်ပေးနိုင်ရန် ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အကြံပြုခဲ့ပါသည်။

၃။ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား ၇ ဦးနှင့် မန္တလေးဗဟိုအကျဉ်း ထောင်မှ အကျဉ်းသား ၁၆ ဦး၊ စုစုပေါင်း အကျဉ်းသား ၂၃ ဦးအောင်မြင်ခဲ့ပါသည်။ ‌အောင်မြင်သူ များတွင် ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၃ ဦး ပါဝင်ပါသည်။ ၄ ဘာသာ ဂုဏ်ထူးရှင်သည် ဝိဇ္ဇာဘာသာတွဲတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး တတိယအမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနှင့် လူငယ်သင်တန်းကျောင်း များမှ လူငယ်သင်တန်းသား ၈ ဦး၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ သင်တန်းသား ၂ ဦး အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

၄။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ အကျဉ်းသား/ အကျဉ်းသူများ ၊ လူငယ် သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၏ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုအပေါ် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝမ်းမြောက်ပါကြောင်းနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ အကျဉ်းသား/ အကျဉ်းသူများ၏ ပညာသင်ယူခွင့် အခွင့်အရေး ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Download