အသုံးပြုမည့် ဝင်ငွေရလမ်းများအလိုက် တင်ပြရန်လိုအပ်သည့် အထောက်အထားများနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်


Ministry of Planning and Finance/ location / July 15, 2022


၁။      ဝင်ငွေရလမ်းဆိုသည်မှာ မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းတို့ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် ယင်းကုန်ကျခဲ့သောငွေနှင့် စပ်လျဉ်း၍ အဆိုပါ ဝင်ငွေကို မိမိမည်ကဲ့သို့ရရှိခဲ့သည်ကို အတိအကျ ရှင်းလင်းတင်ပြနိုင်သည့် ဝင်ငွေ တစ်နည်းအားဖြင့် စုဆောင်းနိုင်ငွေကို ဆိုလိုခြင်းဖြစ်ပါသည်။

၂။       ဝင်ငွေရလမ်းအဖြစ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(က)ပါ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြေပစ္စည်းမှမြတ်စွန်းငွေနှင့် အခြားရလမ်းများမှဝင်ငွေ ခေါင်းစဉ်များဖြင့် ကျသင့်ဝင်ငွေခွန်ထမ်းဆောင်ပြီးသည့် ဝင်ငွေများဖြင့်လည်းကောင်း၊ အောင်ဘာလေသိန်းဆုထီပေါက်ခြင်းနှင့် အမြတ်ဝေစုခွဲဝေရရှိခြင်းအပါအဝင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုထားသည့် ဝင်ငွေများဖြင့်လည်းကောင်း တင်ပြနိုင်ပါသည်။

၃။      အခွန်ထမ်းပြည်သူများအနေဖြင့် ဝင်ငွေရလမ်းအဖြစ်အသုံးပြုမည့် စုဆောင်းနိုင်ငွေနှင့် ပတ်သက်၍ ကိစ္စရပ်အလိုက် တင်ပြရန် လိုအပ်သည့် အထောက်အထားများမှာ အောက်ပါအတိုင်း ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-

 

(က) လစာဝင်ငွေဖြင့် ဝင်ငွေရလမ်းတင်ပြခြင်း

(၁)  လစာမှနှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်းအထိ ရရှိသူဖြစ်လျှင် (၃၁-၃-၂၀၁၇) မတိုင်မီကာလဖြစ်ပါက သက်ဆိုင်ရာ ငွေထုတ်သူအရာရှိက တာဝန်ခံလက်မှတ် ရေးထိုး ထားသည့် နှစ်အလိုက် လစာစာရင်း (မူရင်း)၊ (၃၁-၃-၂၀၁၇) နောက်ပိုင်းကာလဖြစ်ပါက သက်ဆိုင်ရာနှစ်အလိုက် နှစ်စဉ်ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက် အထားပုံစံ {ပတခ(၀င)-၃၀} မူရင်း)၊
​​​​​(၂) စည်းကြပ်ထိုက်သော လစာဝင်ငွေခွန်ရရှိ၍ အခွန်ထမ်းဆောင်နေသူ ဝန်ထမ်းဖြစ်ပါက လစာမှဝင်ငွေနှင့် စပ်လျဉ်း၍ အခွန်ပေးသွင်းခဲ့သည့် အထောက်အထား(မူရင်း) [အခွန် ပေးဆောင်မှုမှတ်တမ်းစာအုပ်၊ လစာဝင်ငွေခွန် နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက် အထားလက်မှတ် ပတခ(၀င)-၁၅(က) စသည်...}၊
(၃) ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်သူဖြစ်ပါက မြန်မာနိုင်ငံမှ တရားဝင်ထွက်ခွာခြင်း၊ပြန်လည်ဝင်ရောက်ခြင်းတို့အတွက် နိုင်ငံကူးလက်မှတ်မိတ္တူ၊ လစာဝင်ငွေရရှိခြင်း အထောက်အထား သို့မဟုတ် အခွန်ထမ်းဆောင်ထားသည့် အထောက်အထား(မူရင်း)၊ အလုပ်လုပ်သည့်ကာလဆိုင်ရာ အထောက်အထား(မူရင်း)၊ ဆိုင်ရာကုမ္ပဏီက တရားဝင် ထုတ်ပေးသည့် လစာထုတ်ပေးမှုမှတ်တမ်း၊ ဘဏ် သို့မဟုတ် တရားဝင်ငွေလွှဲခွင့်လိုင်စင် (Remittance Business Licenses) ရရှိထားသည့် လုပ်ငန်းများမှတစ်ဆင့် ငွေလွှဲပို့မှု မှတ်တမ်း သို့မဟုတ် တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် Money Exchange Counter များတွင် ငွေလဲလှယ်မှု အထောက်အထားနှင့် လေဆိပ်တွင် ကြေညာထား သည့် အထောက်အထား။

​​​​​​​ 

(ခ) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းငှားရမ်းခ၊ အခြားရလမ်းများမှဝင်ငွေခေါင်းစဉ်များဖြင့် ကျသင့် ဝင်ငွေခွန်ထမ်းဆောင်ပြီးသည့် ဝင်ငွေကို ဝင်ငွေရလမ်း တင်ပြခြင်း

 

(၁) သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက ထုတ်ပေးထားသည့် အခွန်စည်းကြပ် တောင်းခံလွှာ ပတခ(၀င)-၈(မူရင်း)၊
(၂) ကျသင့်အခွန်ပေးဆောင်ထားသည့် ငွေသွင်းချလန်(မူရင်း)။

  

​​​​​​​(ဂ) အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်ဖြင့် ကျသင့်ဝင်ငွေခွန်ထမ်းဆောင်ပြီးသည့် ဝင်ငွေကို ဝင်ငွေရလမ်းတင်ပြခြင်း

 

(၁) အခွန်စည်းကြပ်တောင်းခံလွှာ ပတခ(ဝင)-၈ (မူရင်း)၊ SAS စနစ်အရ အခွန်တောင်းခံလွှာ (မူရင်း)၊
(၂) ငွေသွင်းချလန် (မူရင်း)။

 

(ဃ) အမြတ်ဝေစုခွဲဝေငွေဖြင့် ဝင်ငွေရလမ်း တင်ပြခြင်း

 

(၁)

ကုမ္ပဏီ၏ အခွန်ဆောင်ပြီး အသားတင်ဝင်ငွေမှ အမြတ်ဝေစုခွဲဝေခြင်းဆိုင်ရာ ဒါရိုက်တာ အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း၊ နှစ်ချုပ်စာရင်း၊ အစုထည့်ဝင် ပိုင်ဆိုင်မှု အထောက်အထား (DICA မှကုမ္ပဏီ Extract Form)၊ ကုမ္ပဏီမှ ထုတ်ပေးထားသည့် အမြတ်ဝေစုခွဲဝေမှုဆိုင်ရာ သက်သေခံအထောက်အထား သို့မဟုတ် အမြတ်ဝေစုအဖြစ် ငွေကြေး သို့မဟုတ် ပိုင်ဆိုင်ရယူခဲ့မှုအထောက်အထား (ချက်လက်မှတ်မိတ္တူ၊ ငွေစာရင်း စာအုပ်မှတ်တမ်းများ)၊

(၂)

အမြတ်ဝေစု ထုတ်ယူခဲ့မှုနှင့်သက်ဆိုင်သည့် စာရင်းရေးသွင်းချက် မှတ်တမ်းများနှင့်အတူ ကုမ္ပဏီကို အခွန်စည်းကြပ်ရာရုံးမှ ထုတ်ပေးထားသည့် ဝင်ငွေရလမ်း တင်ပြသည့် အမြတ်ဝေစု ထုတ်ယူခဲ့သည့်နှစ်အတွက် အခွန်စည်းကြပ်တောင်းခံလွှာ ပတခ(၀င)-၈ (မူရင်း) သို့မဟုတ် SAS စနစ်အရ အခွန်တောင်းခံလွှာ(မူရင်း) နှင့် ငွေသွင်းချလန်(မူရင်း)။


​​​​(င) အောင်ဘာလေသိန်းဆုထီပေါက်ခြင်းမှ ရရှိသည့်ဝင်ငွေကို ဝင်ငွေရလမ်း တင်ပြခြင်း

​​​​​​

 

မည်သည့်အကြိမ်က မည်သည့်ဆုကို မည်သည့်နံပါတ်၊ လိပ်စာတို့ဖြင့် ထီပေါက်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ ထီဆုငွေထုတ်ယူသည့် အထောက်အထား(မူရင်း)။

 

(စ) ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားသည့် ဝင်ငွေများဖြင့် ဝင်ငွေရလမ်း တင်ပြခြင်း

​​​​​​​

 

ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားသော နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခဲ့မှုအတွက် တစ်လုံး တစ်ခဲတည်း ချီးမြှင့်ငွေ၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်မှအငြိမ်းစားယူသည့်အခါ တစ်လုံးတစ်ခဲ တည်းရရှိသည့် ကရုဏာကြေး၊ ပင်စင်မှပြောင်းလဲ၍ရရှိသောငွေ၊ သေဆုံး၍ သို့မဟုတ် ဒဏ်ရာရ၍ ရရှိသည့်လျော်ကြေးများ၊ နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့ထူးဂုဏ်ထူးများနှင့်အတူ

ချီးမြှင့်ငွေစသည်တို့အတွက် ယင်းဝင်ငွေကို ရရှိထားကြောင်း အထောက်အထား။

 

၄။   အခွန်ဆိုင်ရာသိရှိလိုသည်များရှိပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အမှတ်(၁၂၈/၁၃၂)၊ ဒုတိယထပ်နှင့် တတိယထပ်၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်-၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂၊ ၀၁- ၈၃၇၈၃၇၀၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(နေပြည်တော်)၊ ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃ဝ၅၂၂၊ ၀၆၇-၃၄၃၀၅၃၃၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)၊ ၆၅ လမ်း၊ ၂၂ x၂၃ လမ်းကြား၊ ဖုန်းနံပါတ်-၀၂-၄၀၃၀၁၉၂ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန ​​​​​​​