အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ ပူးတွဲကြေညာချက်


Ministry of Information/ Naypyitaw / December 14, 2018


(၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့မှ ၁၄ ရက်နေ့အထိ)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့် ဇနီး ရှရီမတီ ဆာဗီးတာ ကိုဗင့်ဒ်တို့သည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခဲ့ပါသည်။ ယခုခရီးစဉ်သည် မကြာသေးမီ ကာလများအတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တည်ရှိသည့် အဆင့်မြင့် ထိတွေ့ ဆက်ဆံမှုအစဉ်အလာကို ပိုမိုခိုင်မာအားကောင်း စေခဲ့သည်။

၂။ ဧည့်သည်တော် အိန္ဒိယနိုင်ငံသမ္မတ ရှရီကိုဗင့်ဒ်အား ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယနိုင်ငံ သမ္မတတို့အကြား နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး၊ ညနေပိုင်းတွင် သမ္မတ ဦးဝင်းမြင့်မှ ဧည့်သည်တော်သမ္မတအား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အိန္ဒိယနိုင်ငံ သမ္မတသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအစဉ် အလာနှင့်အညီ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ချစ်ကြည် ရင်းနှီးစွာနှင့် အပြုသဘောေ ဆာင် စွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယနိုင်ငံသမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်တို့သည် နှစ်နိုင်ငံအကြား တရားရေးနှင့်ပညာရေးကဏ္ဍများ ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အိန္ဒိယအစိုးရ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အစီအစဉ်အောက်မှ ပထမ သုတ်အဖြစ် တည်ဆောက်ပြီးစီးသည့် အိမ်ရာအလုံး ၅ဝ ကိုလည်း လွှဲပြောင်း ပေးအပ်ခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် ကျွန်းသစ်မှောင် ခိုရောင်းဝယ်မှု၊ ကျားနှင့်အခြား တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူများ ကယ်ဆယ်ရေး၊ ပြန်လည်ပြုစုပျိုးထောင်ရေး၊ နေရပ်ပြန်ပို့ရေးနှင့် အသိုက်အဝန်း အတွင်း ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းမှုများ မကြာမီပြီးဆုံးတော့မည်ဖြစ်သဖြင့် အစောနိုင်ဆုံးအချိန်တွင် လက်မှတ်ရေးထိုးသွားရန် သဘောတူညီခဲ့သည်။

၃။ ၂ဝ၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ သမ္မတ ရှရီ ကိုဗင့်ဒ်သည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်ဝင်းအတွင်း အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် တည်ထောင် ထားသည့် အဆင့်မြင့် စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန၊ စပါးဇီဝဥယျာဉ်တို့အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ အဆိုပါ ဗဟိုဌာနနှင့် ဥယျာဉ်တို့သည် အိန္ဒိယနိုင်ငံ သမ္မတမှ မြန်မာပြည်သူများအတွက် အထူးအလေး ထားဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်၊၊ ယင်းအထောက်အပံ့အကူအညီများသည် မြန်မာနိုင်ငံမှ အလေးထား သည့် စိုက်ပျိုးရေး ကဏ္ဍတွင် စွမ်းရည်မြှင့်တင်ခြင်းနှင့် နည်းပညာအထောက်အပံ့များ ပံ့ပိုးပေးခြင်းတို့ကို အိန္ဒိယနိုင်ငံမှ ဆက်လက်ပေးအပ် လျက်ရှိသည်ကို ထင်ဟပ်ပြသလျက်ရှိသည်။

၄။ အိန္ဒိယသမ္မတ ရှရီကိုဗင့်ဒ်သည် ရန်ကုန်မြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရ အထင်ကရနေရာများကို သွားရောက်လေ့လာ လည်ပတ်ကြည့်ရှုခဲ့သည့်အပြင် အာဇာနည်ဗိမာန်၌ ဂုဏ်ပြုလွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ သည်။ အိန္ဒိယသမ္မတသည် မြန်မာနိုင်ငံရှိ အိန္ဒိယနွယ်ဖွား အသိုက်အဝန်း နှင့် တွေ့ဆုံခဲ့ပြီး၊ အိန္ဒိယစီးပွားရေးလုပ်ငန်းများ ပြပွဲကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ ယင်းသို့ ပြပွဲဖွင့်လှစ်ပြ သခြင်းဖြင့် အိန္ဒိယမှ စက်မှုလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့် အလမ်းများ၊ မိတ်ဖက်များ ရှာဖွေချိတ်ဆက် ဆောင်ရွက်လာ နိုင်မည်ဖြစ်သည်။

၅။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများတွင် ငြိမ်းချမ်းရေး၊ ဒေသတွင်းနှင့် ဒေသပြင်ပအတူတကွ ကြွယ်ဝချမ်းသာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘုံမျှော်မှန်း ချက်များကို နှစ်နိုင်ငံခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်များအပြီး၊ ဖြစ်ပေါ်တိုးတက် မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်း ချင်းထိတွေ့ဆက်ဆံရေး၊ လုံခြုံရေးကဏ္ဍများအပါအဝင် နှစ်နိုင်ငံဆက်ဆံ ရေး နယ်ပယ်တွင် တိုးတက်မှုများ ရရှိလာခြင်းကို အသိအမှတ်ပြုခဲ့ကြသည်။ ယင်းတိုးတက်မှုများသည် မြန်မာနိုင်ငံ၏ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့် အိန္ဒိယနိုင်ငံ၏ လက်တွေ့ ကျသည့် အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ၊ အိမ်နီးချင်း ဦးစားပေးမူဝါဒများအကြား အပြန်အလှန် သဟဇာတဖြစ်မှု၏ ပြယုဂ်များဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်မည့် အခွင့်အလမ်းသစ်များ ဆက်လက်ရှာဖွေ သွားရန် သဘောတူ ညီခဲ့ကြသည်။

၆။ မြန်မာနိုင်ငံသို့ လာရောက်မည့် အိန္ဒိယကမ႓ာလှည့်ခရီးသွားများအား ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ဆိုက်ရောက်ဗီဇာ လျှောက်ထားခွင့်ပြု ကြောင်း မြန်မာအစိုးရမှ ထုတ်ပြန်ကြေညာခဲ့ သည့်အတွက် အိန္ဒိယအစိုးရမှ မြန်မာ အစိုးရအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုသို့ခွင့်ပြုခဲ့ခြင်းသည် ပြည်သူ အချင်းချင်းအကြား ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်မည်ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား ကမ႓ာလှည့်ခရီးသွားများ ဝင်/ထွက် သွားလာမှုများ တိုးတက်မြင့်မားလာစေမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံသို့ သွားရောက်သည့် မြန်မာနိုင်ငံသားများအား ဗီဇာခကင်းလွတ် ခွင့်ပြုထားသည့် အတွက်လည်း မြန်မာအစိုးရမှ အိန္ဒိယအစိုးရအား ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့သည်။

၇။ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရေးအတွက် ကြိုးပမ်းဆောင် ရွက်နေမှုများအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း သမ္မတ ရှရီ ကိုဗင့်ဒ် မှ ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာအစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်လက်တွဲဆောင်ရွက်နေမှု များအပေါ် အိန္ဒိယအစိုးရမှ အပြည့်အဝအားပေးထောက်ခံကြောင်း အိန္ဒိယသမ္မတမှ ထုတ်ဖော် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုသည် အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားနှင့်လည်း ထပ်တူကျလျက်ရှိရာ အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီအဖွဲ့ အစည်းများ ခိုင်မာလာစေရန်နှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အဖြစ် ပေါ်ထွန်းလာစေရန် မြန်မာနိုင်ငံအား ဆက်လက် အကူအညီပေးအပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသမ္မတမှ အလေးပေး ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ လွှတ်တော်အမတ်များနှင့် လွှတ်တော်ဝန်ထမ်းများအတွက် လေ့လာရေး ခရီးစဉ်များ စီစဉ်ပေးသည့်အတွက် အိန္ဒိယနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း မြန်မာဘက်မှ ထုတ်ဖော် ပြောကြားခဲ့သည်။

၈။ အကြမ်းဖက်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထူး ခြိမ်းခြောက် လျက်ရှိရာ မည်သည့်အကြမ်းဖက်မှုပုံစံမျိုးကိုမဆို ရင်ဆိုင်ဖြေရှင်းသွားရန် နှစ်နိုင်ငံခေါင်းဆောင်များမှ သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံခေါင်းဆောင်တို့က အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် သီးခြားရွေးထုတ်ခြင်း၊ အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ခြင်း နည်းလမ်းများကို အဆုံးသတ်ပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တောင်းဆိုခဲ့ပြီး၊ ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ''နိုင်ငံတကာ အကြမ်းဖက်မှုဆိုင်ရာ ဘက်စုံကွန်ဗင်းရှင်း'' ကို အပြီးသတ်ညှိနှိုင်းဆွေးနွေးပြီး ဆောလျင်စွာအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် တက်တက်ကြွကြွဆောင်ရွက်သွားကြရန်လည်း တောင်းဆိုခဲ့ သည်။

၉။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် မြန်မာ- အိန္ဒိယ နယ်စပ်ဒေသတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ၏ လူမှု-စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် လုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးတို့ကို ထိန်းသိမ်းရန် လိုအပ်သည်ကို အသိ အမှတ် ပြုခဲ့ကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အချုပ်အခြာ အာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးကို အပြန်အလှန်လေးစားမှု၊ သောင်းကျန်းသူများ၏ လှုပ်ရှားမှုနှင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုးကို ဆန့်ကျင်သွားရန် အပြန်အလှန် ကတိကဝတ်ပြုထားမှုအား နှစ်ဖက်ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့သည်။ သောင်းကျန်း သူအဖွဲ့များအနေဖြင့် တစ်နိုင်ငံ၏နယ်မြေကိုအသုံးပြု၍အခြား တစ်နိုင်ငံအားရန်လိုသော လုပ်ရပ်များပြု လုပ်ခြင်းကို ခွင့်မပြုရန် ကတိကဝတ် ပြုထားမှုသည် နယ်စပ်ဒေသတစ်လျှောက် နေထိုင်လျက်ရှိသော ပြည်သူများ၏ သာယာဝပြောရေးနှင့် နယ်စပ်ဒေသများ၏ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကကျ ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

၁ဝ။ နှစ်ဖက်ခေါင်းဆောင်များမှ နှစ်နိုင်ငံအကြား တိုင်းတာသတ်မှတ်ထားပြီးဖြစ်သည့် နှစ်နိုင်ငံနယ် နိမိတ်အား အပြန်အလှန်လေးစားသွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး၊ နယ်နိမိတ် တိုင်းတာသတ်မှတ်ရန် ကျန်ရှိနေသည့်နေရာများတွင်လည်း နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများမှတစ်ဆင့် ဆောလျင်စွာ ဖြေရှင်းသွားရန်လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။

၁၁။ မဟတ္တမဂန္ဒီမွေးဖွားခြင်း နှစ်(၁၅ဝ)ပြည့် အခမ်းအနားများကို ကမ႓ာအနှံ့ ကျင်းပနိုင်ရေးအတွက် အိန္ဒိယအစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် မြန်မာနိုင်ငံမှ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ မဟတ္တမဂန္ဒီနှင့် မြန်မာ အစိုးရခေါင်းဆောင်များနှင့် ပြည်သူများအကြား နီးကပ်စွာထိတွေ့ဆက်ဆံခဲ့မှုများ ကိုလည်း နှစ်ဖက်စလုံးမှ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြသည်။

၁၂။ နှစ်ဖက်စလုံးက အင်ဒို-ပစိဖိတ်ဒေသတွင် နယ်ပယ်ကဏ္ဍစုံ၊ အထူးသဖြင့် ပင်လယ်ရေကြောင်း လုံခြုံရေး၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ၊ သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် နှစ်ဖက် အပြန်အလှန်အကျိုးရှိသော ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတို့တွင် နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် လိုအပ်မှုအပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ကုန်း/ရေ နယ်နိမိတ်တစ်လျှောက် ညှိနှိုင်းကင်းလှည့်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ် များအပါအဝင် ဖွဲ့စည်းထားရှိပြီးသည့် နှစ်နိုင်ငံ ယန္တရားများမှတစ်ဆင့် နှစ်နိုင်ငံ လုံခြုံရေးအဖွဲ့အစည်းများအကြား ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ပူးတွဲညှိနှိုင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြသည်။ စွမ်းအင်၊ ကုန်သွယ်မှု နှင့် ပေါင်းစည်းဆက်နွှယ်မှုကဏ္ဍများတွင် မိတ်ဖက်ပြုဆောင်ရွက်ရန် အခွင့်အလမ်း များစွာရှိသည့် ဘင်းမ်စတက် အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ရန်လည်း သဘောတူညီခဲ့ကြသည်။

၁၃။ အခြေခံအဆောက်အအုံများ တိုးမြှင့်တည်ဆောက်ရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် အကူအညီများ ပေးအပ်သွားရန် အိန္ဒိယနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်။ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် အိန္ဒိယနိုင်ငံမှ ပံ့ပိုးကူညီပေးမှုများအတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်။ မြန်မာတရားရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ပြည်သူ့ရဲတပ်ဖွဲ့ ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေးဆောင်ရွက်နေသည့် အစီအစဉ်များအပေါ် အားရကျေနပ်မှုရှိကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရ၏နည်းပညာနှင့် ငွေကြေးအကူအညီဖြင့် ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက် မှုအခြေအနေကိုလည်း နှစ်ဖက်လုံးက ပြန်လည် သုံးသပ်ခဲ့ကြ သည်။ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် ပတ်သက်၍ အနီးပတ်ဝန်းကျင်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ် စီးပွားရေးတွင် အသုံးပြုနိုင်မည့် အခြေခံအဆောက်အဦများ ရှိပြီးဖြစ်သော စစ်တွေဆိပ်ကမ်းနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ပလက်ဝဆိပ်ကမ်းတို့၌ ဆိပ်ကမ်းလုပ်ငန်းစီမံခန့်ခွဲသူ ခန့်ထားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းအပေါ် နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြသည်။ ဆိပ်ကမ်းလုပ်ငန်း စီမံခန့်ခွဲသူ ခန့်ထားရေး လုပ်ငန်းစဉ်ကို လျင်မြန်စွာ ဆောင်ရွက်သွား ရန်လည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ ပလက်ဝမှ အိန္ဒိယနယ်စပ်ရှိ ဇိုရမ်ပူသို့ လမ်းဖောက်လုပ်ရေး စီမံကိန်း၏ နောက်ဆုံးအဆင့် လုပ်ငန်း ဆောင်ရွက်နေ မှုအပေါ် အားရကျေနပ်မှုရှိကြောင်း နှစ်ဖက်စလုံးက ပြောကြားခဲ့ကြသည်။ ဇိုရမ်ပူနှင့် ပလက်ဝမှ တစ်ဆင့် နယ်စပ်ဖြတ်ကျော်၍ စီမံကိန်းဆိုင်ရာ ဝန်ထမ်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် ကိရိယာများရွှေ့ပြောင်းသယ်ဆောင်မှုအတွက် ပံ့ပိုးဆောင်ရွက်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့သည်။

၁၄။ သုံးနိုင်ငံ အမြန်လမ်းမကြီး၏ မြန်မာနိုင်ငံဘက်ခြမ်းရှိ လမ်းပိုင်းများအား အိန္ဒိယ အဖွဲ့အစည်းများမှ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တိုးတက်မှုအခြေ အနေကို နှစ်ဖက်စလုံးက ကြိုဆိုခဲ့ကြ သည်။ ရိဒ်- တီးတိန်လမ်းပိုင်းတွင် လုပ်ငန်း စတင်ရန်အတွက် လိုအပ်သည့် အချက်အလက်များကို ဆောလျင်စွာထောက်ပံ့ပေး သွားရန် မြန်မာနိုင်ငံမှ သဘောတူညီခဲ့သည်။ ချင်းပြည်နယ်ရှိ ရိဒ်ခေါဒါ-ဇိုခေါဒါ တံတားနှင့် ဘွေနုတံတားများအတွက် အသေးစိတ်စီမံကိန်းအစီရင်ခံစာများ ပြုစုရန် ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ပြီးဖြစ်ကြောင်း နှစ်ဖက်စလုံးမှ အသိအမှတ် ပြုခဲ့ကြသည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ကမ်းလှမ်းသည့် အထူးငွေကြေးထောက်ပံ့မှု အစီအစဉ် များကို အသုံးပြုရာတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့သည်။

၁၅။ နှစ်နိုင်ငံ ပြည်သူများအကြား လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းစေသည့် ကုန်းလမ်းနယ်စပ်ဖြတ်သန်းသွားလာရေး ဆိုင်ရာ သဘောတူညီချက် ၂ဝ၁၈ ခုနှစ်၊ မေလမှစတင်၍ အသက်ဝင်လာခဲ့ခြင်းအပေါ် နှစ်ဖက်စလုံးမှ ကြိုဆိုခဲ့ကြသည်။ ထိုသဘောတူညီချက်နှင့် အပြန်အလှန် အထောက် အကူဖြစ်ရန်နှင့် ပေါင်းစည်းဆက်နွှယ်မှုဆိုင်ရာ အကောင်အထည်ဖော် လျက်ရှိသည့် အခြေခံအဆောက်အဦစီမံကိန်းများမှ တစ်ဆင့် အကျိုးကျေးဇူးရရှိစေရန်အလို့ငှာ ခရီးသည် နှင့် ကုန်စည်များ နယ်စပ်ဖြတ်သန်းသွားလာနိုင်မည့် နှစ်နိုင်ငံ မော်တော်ယာဉ် ဖြတ်သန်းသွား လာရေးသဘောတူညီချက်ကို ဆောလျင်စွာ ချုပ်ဆိုနိုင်ရေး အတွက် စေ့စပ်ညှိနှိုင်းမှုများကို စတင်သွားရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့ ဆောလျင် စွာ စေလွှတ်သွားမည်ဖြစ်သည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူများအကြား နယ်စပ် ဒေသမှတစ်ဆင့် ထိတွေ့ဖြတ်သန်းသွားလာမှု လွယ်ကူချောမွေ့စေရန်အတွက် မန္တလေးနှင့် အင်ဖာလ်အကြား တမူး-မိုရေး နယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်တင် ဘတ်စ်ကားဝန်ဆောင်မှုစနစ် တည်ထောင်ရန် ဆန္ဒရှိကြောင်း နှစ်ဖက်စလုံးမှ ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရေး အတွက် နှစ်ဖက်သက်ဆိုင်ရာ အာဏာပိုင်များအကြား ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားရန် သဘောတူညီခဲ့သည်။

၁၆။ ကလေးမြို့လေဆိပ်အား အဆင့်မြှင့်တင်ရန်အတွက် အိန္ဒိယလေဆိပ်အာဏာ ပိုင်အဖွဲ့မှ စီမံကိန်းအသေးစိတ်အစီရင်ခံစာကို ပြုစုထားရှိကြောင်း အိန္ဒိယဘက်မှ မြန်မာဘက်သို့ အသိပေးပြော ကြားခဲ့သည်။ မြန်မာအစိုးရ၏ သဘောထားမှတ်ချက်ကို ရယူရန် အဆိုပါအစီရင်ခံစာအား မြန်မာအစိုးရထံ သို့ မကြာမီပေးပို့မည်ဖြစ်ပြီး ယင်းနောက် ငွေကြေးကျခံသုံးစွဲမည့်အစီအစဉ်ကို ဆက်လက်ညှိနှိုင်း ဆုံးဖြတ်သွား မည်ဖြစ်သည်။

၁၇။ ရခိုင်ပြည်နယ်အရေးကိစ္စမှာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးဆိုင်ရာကဏ္ဍများ ပါဝင်ပတ်သက်နေသည်ဟု နှစ်ဖက်သဘောတူညီခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်နှင့်အညီ စိစစ်အတည်ပြုပြီးဖြစ်သော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သွားသူများ နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးကို အိန္ဒိယနိုင်ငံမှ ထောက်ခံကြောင်း၊ အဆိုပါ ရှုပ်ထွေးနက်နဲသောကိစ္စကို ဖြေရှင်းနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးရန် အသင့်ရှိ ကြောင်း အိန္ဒိယနိုင်ငံမှ ထုတ်ဖော်ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်အရ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံ ၏ အကူအညီပေးအပ်မှုများကို မြန်မာဘက်မှ ကြိုဆိုခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကောင်အထည်ဖော်လျက်ရှိသည့် ပြန်လည်နေရာချထား ရေး ရှေ့ပြေးစီမံကိန်းလုပ်ငန်းတိုးတက်မှုများနှင့် ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံ ၏ ကူညီထောက်ပံ့မှုများကို နှစ်ဖက်စလုံးမှ အသိအမှတ်ပြုခဲ့ကြသည်။ အိန္ဒိယဘက်မှ လက်ရှိခွဲဝေပေးအပ်ထားသည့် အမေရိကန်ဒေါ်လာ ၂၅ သန်း ဖွံ့ဖြိုးရေးအကူအညီဖြင့် လုပ်ငန်းအကောင်အထည်ဖော်မှုများ ပြီးဆုံးပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ဆက်လက်၍ တိုးချဲ့ပေးအပ်သွားရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

၁၈။ နှစ်နိုင်ငံအကြား လတ်တလောကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခြေအနေတိုး တက်ကောင်းမွန်လျက် ရှိနေပြီး ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်မည့် အလားအလာ များရှိနေသည်ကို နှစ်ဖက်စလုံးမှအသိ အမှတ်ပြုခဲ့ကြသည်။ နှစ်နိုင်ငံနှင့် သက်ဆိုင်ရာ ဒေသတွင်းကုန်သွယ်ရေး အစီအစဉ်များအောက်မှ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုလွယ်ကူချောမွေ့စေရေးနှင့် ဈေးကွက်ရရှိမှု တိုးတက်လာစေရန် လိုအပ်ကြောင်းကို အလေးထားပြောကြားခဲ့ကြသည်။ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး ပူးတွဲကော်မတီ၏ နောက်တစ်ကြိမ် အစည်းအဝေးကို ဆောလျင်စွာ ကျင်းပနိုင်ရေးအတွက် နှစ်ဖက် သဘောတူညီခဲ့ကြသည်။ ထို့ပြင် နှစ်ဖက်ညှိနှိုင်းထားသည့် နယ်စပ်ဈေးများ ဆောလျင်စွာ ဖွင့်လှစ်သွားနိုင်ရေးကိုလည်း ဆုံးဖြတ်ခဲ့ကြသည်။

၁၉။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ထောက်ပံ့မှု ကွန်ရက်များ ပေါင်းစည်းမှုကို ပိုမိုတိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် နှစ်ဖက်အပြန်အလှန် အကျိုးရှိမည်ကို သဘောတူညီခဲ့ကြပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုဂ္ဂလိကနှင့် အစိုးရမှ ဦးဆောင် ဦးရွက်ပြုဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြန်လည်သုံး သပ်ခဲ့ကြသည်။ မြန်မာ နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အိန္ဒိယနိုင်ငံမှပါဝင်မှုကို မြန်မာနိုင်ငံမှ ကြိုဆိုပြီး၊ အိန္ဒိယ နိုင်ငံအနေဖြင့် အနာဂတ်တွင် ဟိုက်ဒရိုကာဗွန် ရှာဖွေဖော်ထုတ်ခြင်း အလားအလာ များကို ဆောင်ရွက်လို သည့် ဆန္ဒရှိကြောင်းနှင့် မြန်မာနိုင်ငံအစိုးရမှ သတ်မှတ်ထားသော စွမ်းအင်ဖွံ့ဖြိုးတိုး တက်ရေးစီမံ ကိန်းဖြစ်သည့် သမားရိုးကျနှင့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်စီမံကိန်းများအတွက် လိုအပ်သော နည်းပညာ အကူအညီများ၊ စီမံချက်များ ပေးအပ်သွားရန် အဆင်သင့်ရှိကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။ နယ်စပ် ဖြတ်ကျော် လျှပ်စစ်စွမ်းအင်တင်ပို့ရောင်းဝယ်မှု မြှင့်တင်နိုင်ရန်အတွက်လည်း မြန်မာ-အိန္ဒိယ ပူးတွဲဦးဆောင်ကော်မတီမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နှစ်ဖက်စလုံးမှ အသိအမှတ်ပြုခဲ့ကြသည်။ ထို့ပြင် မကြာသေးမီက မြန်မာနိုင်ငံမှ နိုင်ငံတကာ နေရောင်ခြည်စွမ်းအင် မိတ်ဖက်နိုင်ငံများအဖွဲ့၌ ပါဝင်လက်မှတ်ရေးထိုး ခဲ့ခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်မည့် အလားအလာများ ပေါ်ထွက်လာမှုကို သဘောတူညီခဲ့ကြ ပြီး စွမ်းအင်သစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် နိုင်သည့် အလားအလာများကို ညှိနှိုင်းဆွေး နွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ကို မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ စေလွှတ်ရန် အိန္ဒိယဘက်မှ သဘောတူညီ ခဲ့သည်။

၂ဝ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မင်းတုန်းမင်းနှင့် ဘကြီးတော်မင်းကျောက်စာနှင့် စေတီများအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့မှုအတွက် အိန္ဒိယနိုင်ငံ၏ ရှေးဟောင်း သုတေသနဌာ နအား ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံ မှ ထုတ်ဖော်ပြော ကြားခဲ့သည်။ ယင်းသို့ ဆောင်ရွက်မှုမှာ နှစ်နိုင်ငံ လူမှုအဖွဲ့အစည်း များအကြား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မျှဝေခံစားမှု၏ အရေးပါသည့် ပြယုဂ်တစ်ခုအဖြစ် နှစ်ဖက်စလုံးမှ ကြိုဆိုခဲ့ကြပြီး မကြာမီကာလအတွင်း အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေ သနဌာနမှ စတင်အကောင် အထည်ဖော်မည့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ပုဂံဒေသရှိ စေတီ (၉၂) ဆူအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နှစ်ဖက်ခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။

၂၁။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ဘုံအကျိုးစီးပွားဆိုင်ရာ နိုင်ငံတကာ အရေးကိစ္စရပ်များတွင် တူညီသည့်ရပ်တည်ချက်များ ရှိခဲ့ကြသည့်အလျောက် ကုလသမဂ္ဂနှင့်အခြား နိုင်ငံတကာအဖွဲ့အစည်းများ၌ နီးကပ်စွာ ဆောင်ရွက်သွားကြရန် ထပ်လောင်း ကတိပြုခဲ့ကြသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် ကုလသမဂ္ဂ၏ ဖွဲ့စည်းမှုအားပြုပြင်ပြောင်းလဲရန် အရေးပါမှုကို ထပ်လောင်း ပြောကြားခဲ့ပြီး၊ လုံခြုံရေးကောင်စီအား ဘက်စုံပြုပြင်ပြောင်းလဲရန် အစိုးရအဖွဲ့များ အကြား ဆွေးနွေးညှိနှိုင်းမှုများကို အားပေးထောက်ခံကြောင်း ထပ်လောင်းအတည်ပြု ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲတိုးချဲ့ ဖွဲ့စည်းမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်လာစေရန် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုး တက်ရေးရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အတူတကွ ဆောင်ရွက်သွားရန် ထပ်လောင်း အတည်ပြုခဲ့ကြသည်။ ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် လူ့အခွင့် အရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို အကောင်အ ထည်ဖော် ဆောင်ရွက် ရာ၌ ဓမ္မဓိဋ္ဌာန်ကျရန်နှင့် ဘက်လိုက်မှုကင်းရှင်းရန် အရေးကြီးကြောင်း နှစ်ဖက်လုံးက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

၂၂။ နှစ်နိုင်ငံအကြား ရှိရင်းစွဲ အိမ်နီးချင်းကောင်းပီသမှုနှင့် ကဏ္ဍစုံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး တို့ကို ပိုမိုအရှိန်အဟုန်မြှင့်တင်သွားရန် ဆုံးဖြတ်ထားရှိမှုကို နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုခဲ့ကြ သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံသံရုံးကို နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုအနေ ဖြင့် မြန်မာဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ထုံးလုပ်နည်းများ၊ မြေငှား ရမ်းရေးကိစ္စရပ်များအပေါ် ဆွေးနွေးသဘောတူညီမှု ရရှိပြီးချိန်တွင် ယာယီဆက်ဆံ ရေး ရုံးတစ်ရုံးကို နေပြည်တော်၌ ဖွင့်လှစ်သွားရန် ရည်ရွယ်ကြောင်း အိန္ဒိယဘက်မှ ပြောကြားခဲ့သည်။

၂၃။ အိန္ဒိယသမ္မတ ရှရီ ကိုဗင့်ဒ်နှင့် ဇနီး ဆာဗီးတာ ကိုဗင့်ဒ်တို့မှ ၎င်းတို့ ကိုယ်စား လှယ်အဖွဲ့အား မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီးလာရောက်စဉ် နွေးထွေးပျူငှာသော ဧည့်ဝတ်ကျေပွန်မှုများအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ နှစ်ဖက် အဆင်ပြေ မည့်အချိန်တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်အနေဖြင့် အိန္ဒိယနိုင်ငံသို့ လာရောက်လည် ပတ်ပါရန် ဖိတ်ကြားခဲ့ရာ သမ္မတ ဦးဝင်းမြင့်က ဖိတ်ကြားချက်ကို လက်ခံကြောင်း ပြောကြားခဲ့သည်။ ခရီးစဉ် ရက်အား သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

နေပြည်တော်

၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်