ငါးမွေးမြူရေးကန်များ အပူချိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်


Ministry of Agriculture, Livestock and Irrigation/ Naypyidaw / April 04, 2019


(၁) နေအပူချိန်မြင့်မားလွန်ကဲမှုကြောင့် ငါးမွေးမြူရေးကန်များရှိကန်ရေများ ရေငွေ့ပျံပြီးရေလျော့ နည်းကျဆင်းလာသဖြင့်ကန်ထဲရှိငါးများ၏စွန့်ပစ်အညစ်အကြေးကြောင့်သော်လည်းကောင်း၊ မွေးမြူထားသောငါးများကို အစာကျွေးလွန်ကဲသဖြင့် စားကြွင်းစားကျန်များကြောင့်သော် လည်းကောင်း၊ရေထုညစ်ညမ်းပြီး ဆက်စပ်၍ငါးရောဂါကျရောက်တတ်သဖြင့် သြဇာဓါတ် ထည့်သွင်းခြင်းနှင့် ငါးအစာအလွန်အကျွံကျွေးခြင်းကို လျော့ချရန်။

(၂) နံနက်ပိုင်းမိုးအုံ့သောရက်၊နှင်းကျသောရက်များနှင့် နေထွက်နောက်ကျသောရက်များတွင် ငါးများခေါင်းထောင်လျှက် ကူးခတ်ခြင်း၊ ကမ်းစပ်သို့စုပြုံလာခြင်းမျိုးရှိပါက ငါးမွေးမြူးကန်သည် အောက်ဆီဂျင်လျော့နည်းမှုဖြစ်ပွားနေသဖြင့် ကန်အတွင်းသို့ရေသစ်သွင်းခြင်း၊ ရေပန်းချခြင်း၊ရေဒလက်များမောင်းပေးခြင်း၊ မွေးမြူကန်အတွင်း လှေလှော် ပေးခြင်း စသည့်နည်းလမ်းများရေတွင်ပျော်ဝင်အောက်ဆီဂျင်မြင့်တက်စေရေး ဆောင်ရွက်ပေးရန်။

(၃) ငါးမွေးမြူရေးကန်များ နေအပူချိန်လွန်ကဲမှုကြောင့် ရေခမ်းလာပါက သန့်ရှင်းသောရေသစ် များဖြည့်သွင်းပေးရန်။

(၄) ရေသစ်သွင်းရန်အခက်အခဲရှိပါက မွေးမြူထားသောငါးများကိုအရေအတွက် လျော့ချမွေးမြူ ရန်။

(၅) အပူချိန်ပြင်းပြသည့်အချိန်များဖြစ်သည့်နေ့လည်ပိုင်းတွင်ငါးများကန်ပြောင်းရွေ့ခြင်းမပြုရန်။

(၆)ကန်ရေအရောင်အသွေးသတ်မှတ်ချက်ဖြစ်သည့် ရေကြည်နှုန်း(၂၅-၄၀)စင်တီမီတာ အတွင်း ရှိနေစေရန် (မိမိလက်ကိုတံတောင်ဆစ်အထိရေတွင်နှစ်၍ လက်ဝါးကိုဖြန့်ပါက ခပ်ရေးရေးမြင်  ရသောအခြေအနေရှိရပါမည်)။

(၇) ကန်ရေအပူချိန်မြင့်မားသော အချိန်များတွင် ရေထုညစ်ညမ်းမှုဖြစ်စေသည့် ကဇော်ဖတ်၊ဝါးဇော်ဖတ်များ ကျွေးခြင်းကို ရှောင်ကြဉ်၍ ပုံမှန်အစာများကိုသာချိန်ဆကျွေးရန်။

(၈) အစာကျွေးပြီးပါက အစာကျန်များရှိ/မရှိကိုပုံမှန်စစ်ဆေးရန်။

(၉) မွေးမြူရေးကန်အားလိုအပ်ပါက ရေသစ်လဲလှယ်နိုင်ရေးအတွက် ရေကောင်းရေသန့်သိုလှောင်သည့် အရန်ကန်စီစဉ်ထားရှိပြီး ရေများရနိုင်သမျှသိုလှောင်ထားရန်။

(၁၀) ကန်အခြေအနေနှင့် ရေအရည်အသွေးပြောင်းလဲမှုအခြေအနေများကို နေ့စဉ်နံနက်(၆)နာရီ၌ ပုံမှန်စစ်ဆေးရန်။

(၁၁) ငါးမွေးကန်၌ပုံမှန်မဟုတ်သောအခြေအနေပြောင်းလဲခြင်းမျိုးများဖြစ်ပေါ်လာသည်ကိုတွေ့ရှိရပါကအနီးဆုံးငါးလုပ်ငန်းဦးစီးဌာနသို့ဆက်သွယ်ဆောင်ရွက်ရန်။

ငါးလုပ်ငန်းဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန