နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ကြေညာချက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကမ္ဘောဒီးယားနိုင်ငံ ခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ကြေညာချက်
Ministry of Information/ Naypyitaw / May 02, 2019
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် အာခါမိုဟာ ဆီနာပါတိုင်းတဲ့ချိုဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ ၂၉-၄-၂၀၁၉ ရက်နေ့မှ ၁-၅-၂၀၁၉ ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး ၁-၅-၂၀၁၉ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၉-၄-၂၀၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ လေဆိပ်တွင် ကမ္ဘောဒီးယားနိုင်ငံ အမျိုးသမီးရေးရာဝန်ကြီး Dr. Kantha Phavi မှ ကြိုဆိုနှုတ်ဆက်သည်။
၃။ ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖနောင်ပင်မြို့ မြန်မာသံရုံးသို့ သွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်စိုး ဦးဆောင်သည့် မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၄။ ၃၀-၄-၂၀၁၉ ရက်နေ့ နံနက် (၀၈၁၅) နာရီအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေး ကျောက်တိုင်သို့ သွားရောက်၍ ပန်းခွေချဂုဏ်ပြုခဲ့သည်။ ဆက်လက်၍ နတ်ရွာစံ ဘုရင့်ဖခမည်းတော် Preah Borom Ratanak Kaudh အထိမ်းအမှတ် ဗိမာန်တွင် ဂုဏ်ပြုပန်းခွေချ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဝန်ကြီးချုပ်ရုံး (Peace Palace) သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်မှ ကျင်းပပြုလုပ်သော ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စား လှယ် အဖွဲ့များသည် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ အာဆီယံနှင့် ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) တို့ အပါအဝင် ဒေသတွင်း အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ၊ ဘက်မလိုက် လှုပ်ရှားမှုအပါအဝင် နိုင်ငံတကာ မျက်နှာစာ တွင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူကြီးများ၊ ဘန်ဒေါင်းအခြေခံမူကြီးများ နှင့်အညီ ပူးပေါင်းဆောင် ရွက်မှု ဆက်လက်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၆။ ထို့ပြင် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံသံတမန် ဆက်သွယ်မှု (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ပူးတွဲကျင်းပရေး၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အပြန်အလှန် အကာအကွယ်ပေးရေး စာချုပ်၊ အခွန်နှစ်ထပ် ကျသင့်မှု ရှောင်ရှားရေး သဘောတူစာချုပ် ချုပ်ဆိုရေးနှင့် ပညာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ အပါအဝင် လက်မှတ်ရေးထိုးပြီး သဘောတူညီချက်များနှင့် နားလည်မှု စာချွန်လွှာများအား ထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရေး၊ ပညာသင်ဆုများ အပြန်အလှန်ဖလှယ်ပေးအပ်ရေး၊ ပုဂံနှင့်အန်ကောဝပ်အပါအဝင် ဗုဒ္ဓယဉ်ကျေးမှု အထင်ကရနေရာများသို့ ခရီးစဉ်များ ချိတ်ဆက်စီစဉ်ဆောင်ရွက်ရေး တို့အတွက် နှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ကမ္ဘောဒီးယား နိုင်ငံအစိုးရမှ ရခိုင်ပြည်နယ်တွင် လူသားချင်းစာ နာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၉ သောင်း လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်အား နှစ်ဦးနှစ်ဖက် အဆင်ပြေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
၇။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကမ္ဘောဒီးယား အောက်လွှတ်တော် ဥက္ကဋ္ဌ Samdech Heng Samrin ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Samdech Say Chhum တို့အား သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား အတွေ့အကြုံ ဖလှယ်ရေး အစီအစဉ်များ၊ လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၈။ နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဘုရင့်နန်းတော်သို့ သွားရောက်ခဲ့ပြီး၊ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာ မိုနီအား ဂါရ၀ပြုတွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်းနှီးချစ်ကြည်မှု မြှင့်တင်ရေး၊ ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး၊ ပြည်သူအချင်းချင်းကြား ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘောဒီးယား ဘုရင်မင်းမြတ်အား နှစ်ဦးနှစ်ဖက်အဆင်ပြေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ ထို့နောက် ဘုရင့်မယ်တော် စံအိမ်သို့ ဆက်လက် ထွက်ခွာ၍ ဘုရင်၏ မယ်တော် နိုရိုဒွန်၊ မိုနီနစ်သီဟာနုအား တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
၉။ ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် မစ္စတာ ဟွန်ဆင်မှ Peace Palace တွင် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
၁၀။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၁-၅-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဖနောင်ပင်မှ ဆီရမ်ရိမြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိခဲ့ပြီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရပ်ဆိုခွန်းနှင့်အတူ ဆီရမ်ရိမြို့ရှိ အန်ကောဝပ်ကျောင်းတော်၊ Bayon Temple များသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြသည်။
၁၁။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဆီရမ်ရိပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Tea Seiha မှ Angkor Sokha Resort Hotel တွင် တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
၁၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့နေ့လယ်ပိုင်းတွင် ဆီရမ်ရိ လေဆိပ်မှ နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ (၁၆၁၀) နာရီတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည်။
၁၃။ ယခုခရီးစဉ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကမေ႓ာဒီးယားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ပြီး၊ ယင်းခရီးစဉ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်။