ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်း
Ministry of Foreign Affairs/ Nay Pyi Taw / May 26, 2019
(၂၄-၅-၂၀၁၉ ရက်၊ နေပြည်တော်)
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့သည် (၂၄-၅-၂၀၁၉)ရက်၊ ၁၄၀ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ရန်ကုန်မြို့အခြေစိုက် သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရှင်းလင်းပြောကြားသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်-
- မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ၂၇၁ ကီလိုမီတာကျော်ရှိသည့် ကုန်းနယ်နိမိတ်နှင့် နတ်ဖ်မြစ်နယ်နိမိတ်တို့ဖြင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံသည် ၁၉၇၁ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပါကြောင်း၊
- မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၉၇၂ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် သံတမန်ဆက်သွယ်ခဲ့ပြီး၊ နှစ်နိုင်ငံအကြား ပူးတွဲကော်မရှင်ထူထောင်ခြင်း နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊
- မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်သမ္မတနိုင်ငံ၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Mr. MdShahidulHaque ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် လက်ခံခဲ့ကြောင်း၊
- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးကိုယ်စားလှယ်အဖြစ် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်သည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် လည်းကောင်း၊ နိုင်ငံတော်အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊
- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mr. Mohmood Ali သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် မြန်မာနိုင်ငံသို့လည်းကောင်း သွားရောက်ခဲ့ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့လည်း သွားရောက်ခဲ့ပြီး နှစ်ဖက်အသိုက်အဝန်းများနှင့် တွေ့ဆုံခဲ့ကြောင်း၊
- မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်နိမိတ်စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ၁၉၈၀ ပြည့်နှစ်၊ ဒီဇင်ဘာလက ဒါကာမြို့တွင် လည်းကောင်း၊ နတ်ဖ်မြစ်အတွင်း ပုံသေရေနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်ကို ၁၉၆၆ ခုနှစ်၊ မေလကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊
- ထို့အပြင် နတ်ဖ်မြစ်မြောက်ပိုင်း ကုန်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်ကို ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်မြို့၌ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊
- ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် နတ်ဖ်မြစ်မြောက်ပိုင်း ကုန်းနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်(၁၉၉၈)ကို အတည်ပြုလက်မှတ် ရေးထိုးသည့်စာချွန်လွှာကို လဲလှယ်နိုင်ခဲ့ပြီး၊ နတ်ဖ်မြစ်အတွင်း ပုံသေရေနယ်နိမိတ်ဆိုင်ရာ သဘောတူညီချက်၏ နောက်ဆက်တွဲစာချုပ် (၂၀ဝ၇) ကို နှစ်ဖက်လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊
- တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားရောက်သူများအား နှစ်နိုင်ငံအစီအမံဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် အစဉ်အလာများရှိခဲ့ပါကြောင်း၊
- တော်လှန်ရေးကောင်စီလက်ထက် ရခိုင်ပြည်နယ်၊ မေယုဒေသအတွင်း မူဂျာဟစ်သူပုန်များကို စစ်ဆင်ရေးများဖြင့်နှိမ်နင်းခဲ့ရာတွင် ၁၉၆၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၌ မူဂျာဟစ်သူပုန်များ လက်နက်ချခဲ့ပါကြောင်း၊
- မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကာလတွင်လည်း နဂါးမင်းစစ်ဆင်ရေးကြောင့် တစ်ဖက်နိုင်ငံသို့ ၁၅၆,၆၃၀ ဦးထွက်ပြေးသွားခဲ့ပါကြောင်း၊ ၁၉၇၈ ခုနှစ်၊ သြဂုတ်လတွင် ဟင်္သာစီမံချက်ဖြင့် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံခဲ့ရာ ၁၈၆,၉၉၆ ဦးပြန်လည် ဝင်ရောက်လာခဲ့ပါကြောင်း၊ ယင်းတွင် လူ ၃၀,၃၆၆ ဦး ပိုမိုပါဝင်လာခဲ့ကြောင်း၊
- ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် အလားတူနေရပ်စွန့်ခွာမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ နှစ်နိုင်ငံ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးများကို ၁၉၉၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ၌ စတင်ခဲ့ပါကြောင်း၊
- တစ်ဖက်နိုင်ငံမှ နေရပ်စွန့်ခွာသူ ၂၃၆,၄၉၅ ဦးပြန်လည်ဝင်ရောက်လာခဲ့ပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်သည် ၂၀ဝ၅ ခုနှစ်၊ ဇူလိုင်လအထိ ကြာမြင့်ခဲ့ပါကြောင်း၊ ၂၀ဝ၄ ခုနှစ်၊ သြဂုတ်လတွင် နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်ဘက်က လူ ၂၄၁၅ ဦးသာ ကျန်ရှိပါကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း၊
- ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှစ်ခုနောက်ပိုင်း တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံသွားနိုင်ရေးအတွက် ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ်ကို နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Mahmood Ali တို့ Arrangement ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၌ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊
- မြန်မာနိုင်ငံ၏ အစဉ်တစ်စိုက် ရပ်တည်ချက်မှာ အိမ်နီးချင်းနိုင်ငံများအကြား ဖြစ်ပွားသည့်ကိစ္စရပ်များကို နှစ်နိုင်ငံအကြားဆွေးနွေးညှိနှိုင်းလျက် အဖြေရှာဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊
- ယင်း Arrangement ကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ပါရန် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group) ဖွဲ့စည်းသွားနိုင်ရေးအတွက် Terms of Reference ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ဒါကာမြို့၌ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊
- ယင်း Terms of Reference နှင့်အညီ ပူးတွဲလုပ်ငန်းအဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်အဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊
- ပူးတွဲလုပ်ငန်းအဖွဲ့မှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားရောက်သူများကို Arrangement နှင့်အညီ စနစ်တကျပြန်လည်လက်ခံနိုင်ရေးအတွက် Physical Arrangement တစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းနှင့်အတူ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံနိုင်ရေးအတွက် Verification Form ကိုလည်း နှစ်ဖက်ညှိနှိုင်းခဲ့ပြီး Physical Arrangement တွင် တွဲဖက်ထားရှိပါကြောင်း၊
- သို့ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသည့် ပုံစံများသည် နှစ်ဖက်သဘောတူညီထားသည့် ပုံစံမဟုတ်ပါကြောင်း၊ မိသားစုဦးစီးနှင့် မိသားစုဝင်များ၏ လက်မှတ်နှင့် လက်ဗွေရာများပါရှိခြင်း မရှိပါကြောင်း၊ ထို့အပြင် ကာယကံရှင်ကိုယ်တိုင် မိမိဆန္ဒအလျောက် ပြန်လာလိုကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လာခွင့်ပြုပါက ယင်း၏ဥပဒေများကိုလေးစားလိုက်နာပါမည်ဆိုသည့် အချက်ကို ချန်လှပ်ထားပါကြောင်း၊
- မြန်မာနိုင်ငံအစိုးရအနေဖြင့် Arrangement နှင့်အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်၌ စတင်နိုင်ရန် အသင့်ပြင်ဆင်ထားခဲ့ပါကြောင်း၊
- ထို့အပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် တစ်ဖက်နိုင်ငံရောက် ဟိန္ဒူဘာသာကိုးကွယ်သူ ၅၀၈ ဦးနှင့် စိစစ်ပြီးမွတ်ဆလင်ဘာသာကိုးကွယ်သူ ၇၅၀ ဦးတို့၏ စာရင်းများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကထဲက ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊
- ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ဒါကာမြို့တွင် ကျင်းပခဲ့သည့် ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်ကလူ ၈၀၃၂ ဦး၏ ပုံစံများပေးအပ်ခဲ့ကြောင်း၊ ယင်း ၈၀၃၂ ဦးကို စိစစ်ပြီးဖြစ်ပါကြောင်း၊ ယင်းအနက် ၅၃၈၄ ဦးမှာ ရခိုင်ပြည်နယ်တွင် ယခင်ကနေထိုင်ခဲ့ သူများဖြစ်ပြီး ၆၈ ဦးမှာအကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ခဲ့ပြီး၊ ၂၄၃၁ ဦးမှာမိသားစုစာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း၊ ယင်းစိစစ်ပြီးစာရင်းများကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ကြားပြီးဖြစ်ပါကြောင်း၊
- ပထမအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်က ကျင်းပခဲ့ပြီး Physical Arrangement ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊
- ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဒါကာမြို့တွင် ၂၀၁၈ခုနှစ်၊ မေလ ၁၇ ရက်က ကျင်းပခဲ့ပါကြောင်း၊
- တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို ဒါကာကမြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်က ကျင်းပခဲ့ပါကြောင်း၊ ယင်းခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့ခ်ဘဇားရှိ Kutupalongစခန်းသို့ သွားရောက်ခဲ့ကာ မွတ်ဆလင်နှင့် ဟိန္ဒူကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အသိပေးပြောကြားခဲ့ကြောင်း၊
- တတိယအကြိမ်အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ လူ ၂၂၄၃၂ ဦး၏ အချက်အလက် ပုံစံများကို ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်အထိ ၂၂၄၃၂ ဦးအနက် ၁၆၀၁၃ ဦးကို စိစစ်နိုင်ခဲ့ပါကြောင်း၊ ယင်းတွင် ၁၀၈၅၈ ဦးသည် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သူများဖြစ်ကြပြီး၊ အကြမ်းဖက်လုပ်ငန်းတွင် ပါဝင်ခဲ့သူ ၉၃ ဦးနှင့် မိသားစုစာရင်းတွင် ပါဝင်ခြင်းမရှိသူ ၅၁၅၅ ဦး စိစစ်တွေ့ရှိရပါကြောင်း၊ အထက်ပါစာရင်းမှ ၁၂၀၅ ဦး၏စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ပြီးဖြစ်ပါကြောင်း၊
- စတုတ္ထအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်က ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားခဲ့သည့် သဘောတူညီချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ကြောင်း၊
- နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးထားသည့် Arrangement နှင့် Physical Arrangement တို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ပြန်လည်လက်ခံရေးကို ဆောလျင်စွာစတင်နိုင်မည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အခက်အခဲများကြုံတွေ့ရပါကလည်း ဖြေရှင်းရန်အစီအမံများ ချမှတ်ထားပြီးဖြစ်ပါကြောင်း၊
- နိုင်ငံတကာအသိုင်းအဝိုင်းနှင့် တစ်ဖက်နိုင်ငံတို့မှ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးကို အမြဲတောင်းဆိုလေ့ရှိပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
- ရခိုင်ပြည်နယ်မြောက်ပိုင်းရှိကျေးရွာများသို့ ကွင်းဆင်းသွားရောက်ခဲ့သည့် ASEAN ERAT Team ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နှစ်ဖက်အသိုက်အဝန်းများကို မေးမြန်းရာ၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့များကြောင့် ၎င်းတို့၏ နေ့တဒူဝလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားမဖြစ်ကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါကြောင်း၊
- မိမိတို့အနေဖြင့် တစ်ဖက်နိုင်ငံစခန်းများ၏ လုံခြုံရေးကိုလည်း မေးခွန်းထုတ်လိုပါကြောင်း၊ International Crisis Group ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကော့ခ်ဘဇားရှိစခန်းများအတွင်း အကြမ်းဖက်မှုများ၊ သတ်ဖြတ်မှုများ၊ ပြန်ပေးဆွဲမှုများ ဖြစ်ပွားနေကြောင်း၊ ကျူးလွန်သူများကိုလည်း တရားစွဲဆိုမှုမရှိကြောင်း၊ ဒုက္ခသည်ခေါင်းဆောင်များအနေဖြင့် ARSA ၏ ခြိမ်းခြောက်မှုများကြောင့် ၎င်းတို့၏လုံခြုံရေးနှင့် အသက်ခန္ဓာအတွက် အမြဲတမ်းစိုးရိမ်နေရကြောင်း ဖော်ပြထားပါကြောင်း၊
- မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြမ်းဖက်သမားများစာရင်းကို အကြိမ်ကြိမ် ပေးပို့ခဲ့ပါကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၎င်းတို့နိုင်ငံအနေဖြင့် Zero Tolerence Policy ကို ကျင့်သုံးကြောင်း၊ အကြမ်းဖက်သမားများကို ၎င်းတို့မြေပေါ်တွင် လက်ခံထားခြင်း မပြုကြောင်း ပြန်ကြားလာခဲ့ပါကြောင်း၊ ထို့ကြောင့် စခန်းများတွင် ဖြစ်ပျက်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါကြောင်း၊
- ထို့အပြင် မကြာသေးမီက မလေးရှားနိုင်ငံတွင် အကြမ်းဖက်သမား ၄ ဦးကို ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ယင်း ၄ ဦးအနက် တစ်ဦးမှာ ARSA ထောက်ခံသူဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် အရေးကြီးပုဂ္ဂိုလ်များအား လုပ်ကြံရန်နှင့် ခရစ်ယာန်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဘုရားကျောင်းများကို တိုက်ခိုက်ဖျက်ဆီးရန် ကြံစည်ခဲ့သူများဖြစ်ပါကြောင်း၊
- ထို့ကြောင့် အကြမ်းဖက်မှုနှင့် အစွန်းရောက်မူဝါဒများကို အလေးအနက်ထား ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း။