ဗြဟ္မစိုရ်တရားပွား အေးချမ်းသာယာမှုကိုဆောင်ယူ
ဗြဟ္မစိုရ်တရားပွား အေးချမ်းသာယာမှုကိုဆောင်ယူ
Ministry of Information/ နေပြည်တော် / April 06, 2020
မျက်မှောက်ကာလတွင် ပြည်သူပြည်သားအပေါင်းတို့သည် ကြုံတွေ့နေရ သောကပ်ဘေးကြောင့် အများပြည်သူတို့ ဘေးဘယာဝေးကွာ၍ ကျန်းမာ ချမ်းသာကြစေရန် ဆုတောင်းမေတ္တာပို့သနေကြမည်ဟု ယုံကြည်ပါသည်။ သူတစ်ပါးအပေါ်ကောင်းစေလိုသောစိတ်ဖြင့် အဖန်ဖန်အထပ်ထပ် ပြုလုပ်ခြင်း၊ အာရုံပြုခြင်း၊ ပို့လွှတ်ခြင်းသည် မေတ္တာ ဘာဝနာ၊ မေတ္တာပွားခြင်းမည်ပါသည်။
ထိုမေတ္တာစွမ်းအားကြောင့် မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာကြမည်ဟုလည်း ယုံကြည် ထားပါသည်။ သတ္တဝါတို့ အပေါ်၌ မေတ္တာပွား၍ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါး ပွားများ၍ ဖြစ်စေနေခြင်းသည် မြင့်မြတ်သောနေခြင်းဖြစ်၍ ဗြဟ္မဝိဟာရဟု ခေါ်ဆိုပါသည်။ ထိုကဲ့သို့ ပွားများခြင်းသည် မြင့်မြတ်သော အကျင့်ဖြစ်သောကြောင့် ဗြဟ္မစိုရ်ဟု ခေါ်ပါသည်။
မြန်မာနိုင်ငံသည် မူလကတည်းက ဗြဟ္မစိုရ်တရားထွန်းကားသော နိုင်ငံဖြစ်ရာ ယခုကဲ့သို့သောအချိန်အခါတွင် ဗြဟ္မစိုရ်တရားများကို လူတိုင်း လူတိုင်း ပွားများကြဖို့သင့်ပါသည်။ ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာ - သတ္တဝါအများ ကြီးပွားချမ်းသာသည်ကို လိုလားချစ်မြတ်နိုးခြင်း။ ကရုဏာဆင်းရဲသော သတ္တဝါများကိုမြင်၍ သနားခြင်း၊ ဆင်းရဲမှ ကင်းလွတ် စေလိုခြင်း။ မုဒိတာ - ပြည့်စုံချမ်းသာသောသူတို့ကို မြင်ရလျှင် ဝမ်းမြောက် ခြင်း။ ဥပေက္ခာ- သတ္တဝါတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိ မျှမျှတတ ရှုမြင်ခြင်းတို့ဖြစ်သည်။
မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ ပုဂ္ဂိုလ်သတ္တဝါ ပညတ်ကိုအာရုံပြုကာ " ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ " စသည် ဖြင့် ပို့သခြင်းဖြစ်သည်။ ဤမျှအာရုံပြုခြင်းဖြင့် ကောင်းကျိုးချမ်းသာတို့ကို ဖြစ်စေပါသည်။ သတ္တဝါတို့ ကြီးပွားချမ်းသာမှုကို လိုလားတောင့်တသော အဒေါသစေတသိက် မေတ္တာသည် ကြီးမားသော အစွမ်းထက်သည့်လက်နက် ပင်ဖြစ်သည်။ မိမိချစ်ခင်မြတ်နိုးသော မိမိကိုယ်၊ မိမိမိသားစုအ သိုင်းအဝိုင်းမှ အစ မိမိမြို့ရွာ တိုင်းနိုင်ငံမှသည် ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ထင်မြင်အောင် စိတ်ညွှတ်လျက် "ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ"ဟု မေတ္တာဘာဝနာစိတ်ရောက်အောင် ပို့လွှတ်ဖြန့်ကြက်၍ လွှမ်းခြုံရမည် ဖြစ်သည်။
မေတ္တာပို့သခြင်းသည် ဒါနမှု၊ သီလမှုတို့ထက် အကျိုးကြီးမားသည်ဟု တရားတွင်ဆိုပါသည်။ မေတ္တာပို့ပြီးသောအခါ ကုသိုလ်ကောင်းမှုများ ပြုလုပ် ပြီးနောက် ဆုတောင်းအမျှဝေခြင်းလည်း ပြုနိုင်ပေသည်။ ယခုအခါ ရောဂါကပ်ဘေးကြောင့် ပြည်သူပြည်သားများ ကောင်းသောအမှုများကို ပြုလုပ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။ ဗြဟ္မစိုရ်တရား အခြေခံရှိပြီးသော မြန်မာတိုင်းရင်းသားများပီပီ စေတနာ၊ သဒ္ဓါ၊ ဉာဏ်ပညာ ပြည့်ဝစွာ စုပေါင်းညီညာ လုပ်ဆောင်ကြခြင်းဖြင့် မြို့ရွာတိုင်း နိုင်ငံအေးချမ်းသာယာ ဘေးဘယာဝေးကွာ စေမည်ဖြစ်သည်။
အမှန်အားဖြင့်ဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့် လောက၌ ငြိမ်းချမ်းသာယာ ဘေးဘယာဝေးကွာမှုကိုမရနိုင်၊ ထိုသို့မရနိုင်ကြောင်းကို မျက်မှောက် ကမ္ဘာ့နိုင်ငံကြီးများ၏ ကြုံတွေ့မှုများက သက်သေခံလျက်ရှိ သည်။ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံရုံမျှဖြင့်လည်း လောက၌ ငြိမ်းချမ်းသာယာ အေးချမ်းမှုကို မရနိုင်၊ ထိုသို့မရနိုင်ကြောင်းကို ကမ္ဘာ့နိုင်ငံများကပင် သက်သေပြလျက်ရှိသည်။ သို့ရာတွင် ကိုယ်ကျင့်သီလသိက္ခာစောထိန်းပြီး မေတ္တာ တရား ဗြဟ္မစိုရ်တရားများ ပွားများပြည့်စုံကြပါလျှင် လောက၌ ငြိမ်းချမ်း သာယာမှုကို ရရှိနိုင်ပါသည်။
သို့ဖြစ်ရာ အရေးအကြောင်းရှိလျှင် ညီညွတ်ကြ၊ ရိုင်းပင်းကြ၊ ကူညီ တတ်ကြသည့် မြန်မာတို့ အရင်းခံစိတ်ထားများ ရှိကြပြီးသည့်အတိုင်း လူတိုင်းလူတိုင်း အပန်းမကြီးသည့် မေတ္တာတရားများကို လွှမ်းခြုံကြ၍ ပြည်သူပြည်သားများအားလုံး ကောင်းကျိုးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့် ဘေးဘယာဝေးကွာ၍ အေးချမ်းသာယာမှု အပေါင်းကို ဆောင်ယူကြရမည်ဖြစ်ပါကြောင်း။