မူဆယ်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု လုပ်ငန်းများ ပြန်လည်စတင်


Ministry of Information/ Naypyitaw / November 27, 2021
image_latest


နေပြည်တော် နိုဝင်ဘာ ၂၆

 

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု ကြောင့် မြန်မာ-တရုတ်နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်း နေခြင်းကို မူဆယ်(မန်းဝိန်းဂိတ်)။ ကျင်စန်းကျော့ဂိတ်နှင့် ကြုံကုတ်-ပန်ဆိုင်းဂိတ်တို့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှစပြီး တရုတ်နိုင်ငံ ဘက်မှယာယီရပ်ဆိုင်းခဲ့သည့် အပြင် ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ တင်ပို့တင်သွင်းခြင်း ကိုလည်း ၂၀၂၁ ခုနှစ် ဧပြီလမှ စပြီး ယာယီရပ်ဆိုင်းထားခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းဂျော့ဂိတ်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ကုန်သွယ်ရေး ဇုန်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက “ကျင်စန်းကျော့ဂိတ်က ၂၀၂၁ခုနှစ် ဇူလိုင်၈ရက်က စပိတ်လိုက်တော့ ပို့ကုန်၊ သွင်းကုန်ကားတွေ အများကြီးကျန်ခဲ့တယ်။ အခု နှစ်နိုင်ငံညှိနှိုင်းပြီး နိုဝင်ဘာ ၂၆ ရက်မှာ ပြန်ဖွင့်ပြီးတော့ ကျွန်တော်တို့ဘက်ကပို့ကုန်ရော သူတို့ဘက်က သွင်းကုန် ကွန်တိန်နာနဲ့ပဲ ဖြတ်သန်းမှာ ဖြစ်တယ်။ ဒီနေ့ စဖွင့်တဲ့နေ့မှာ မြန်မာဘက်က ကွန်တိန်နာငါးစီးသွားမယ်။ သူတို့ဘက်က ကွန်တိန်နာငါးစီးလာမယ်။ ကျွန်တော်တို့ ဘက်ကသီဟိုဠ်စေ့ တစ်စီး၊ ရော်ဘာ နှစ်စီး၊ ဆန်ကွဲ နှစ်စီး ဖြစ်ပါတယ်။ သူတို့  ဘက်ကတော့ ဆိုင်ကယ်အပိုပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေလို့ သတင်းရရှိပါ တယ်။ နောက်ပိုင်းဆိုရင် အစီးရေ ပိုတိုး လာမှာ ဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင်တော့ ကိုဗစ်-၁၉ ပိုးသတ်ဆေးဖျန်းတာ  တို့ ယာဉ်မောင်းလဲလှယ်တာတွေ ချောမွေ့ သွားရင် ပိုမြန်လာမှာ ဖြစ်ပါတယ်။  အလားတူပဲ ချင်းရွှေဟော်နယ်စပ်ဂိတ်  လည်း ဒီနေ့ဖွင့်ပါတယ်။ ဒီနေ့မြန်မာ( တရုတ် နယ်စပ်စခန်းနှစ်ခုစဖွင့်ပါတယ်  ဟုပြောကြားသည်။ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွား မှုနှုန်း လျော့နည်းကျဆင်း လာပြီဖြစ်၍ နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်အတွက် ကုန်သွယ်ရေး ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးဆောင် သောအဖွဲ့နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တော်ဝန် ဦးဆောင်သောအဖွဲ့ တို့သည် Online  Meeting ဖြင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး သဘောတူညီချက်ရရှိခဲ့၍ နိုဝင်ဘာ ၂၆ ရက် မှစ၍ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Asia Sun Trading Co..Itd ရော်ဘာတန် ၇၀ ၊ Aung Naing Thitsar Co., Ltd. မှ သီဟိုဠ်စေ့ ၂၆ တန်၊ SNRPD Public Co.,ltd. မှ ဆန်ကွဲ တန် ၇၀ စုစုပေါင်း  ပို့ကုန်ယာဉ် ငါးစီးကို ကျင်စန်းကျော့ ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် KENBO Co.,ltd. ပေ ၄၀ ကုန်သေတ္တာ ငါးလုံးဖြင့် မော်တော် ဆိုင်ကယ် ၂၈၅ စီးနှင့် ဆိုင်ကယ်အပို ပစ္စည်းများ၊ သတ္တုသန့်စင်စက်ရုံ သုံး ပစ္စည်းများဖြစ်သည့် Stronium Carbonate Anode Plates Fire Brick For Stovei Cabnode Plate များ၊ စက္ကူစက်ရုံသုံး Glue Water တစ်ရှူးစက္ကူ၊ တစ်ခါသုံး ပလတ်စတစ်ခွက်၊ တစ်ခါသုံးထမင်းဘူး စုစုပေါင်းသွင်း ကုန်ယာဉ် ငါးစီးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တင်သွင်း နိုင်ခဲ့သည်။

ထို့ပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း မှလည်း ယူနန်ပြည်နယ် လင်ချန်းမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် ဦး ဆောင်သောအဖွဲ့နှင့် ချင်းရွှေဟော်စခန်း တာဝန်ခံ ဦးဆောင်သော အဖွဲ့တို့သည် နိုဝင်ဘာ ၂၄ ရက်တွင် အွန်လိုင်းဖြင့် ညှိနှိုင်း ဆွေးနွေးပြီး သဘောတူညီချက်အရ နိုဝင်ဘာ ၂၆ ရက်တွင် ချင်းရွှေဟော်စခန်းမှ တစ်ဆင့် ရွှင်ချွမ်လုံထုတ်လုပ်မှု ကုမ္ပဏီ လီမိတက်မှ တစ်စီးလျှင် လက်ဖက် ခြောက်ကုန်ကြမ်း ၃ ဒသမ ၉၂၉ တန် တင်ဆောင်သည့် ၁၂ ဘီး ယာဉ်နှစ်စီး စုစုပေါင်း လက်ဖက်ခြောက် တန်ချိန် ၇ ဒသမ ၈၅၈ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ နိုင်ခဲ့သည်။ တရုတ်ဘက်မှလည်း ဓာတ်မြေ သြဇာတစ်စီးနှင့် လူသုံးကုန်ပစ္စည်းတင်ယာဉ် တစ်စီး၊ စုစုပေါင်း နှစ်စီး တင်သွင်းမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ ယာယီရပ်ဆိုင်းခဲ့ သော်လည်း နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးချက်အရ ပုံမှန်ကုန်သွယ်မှုများ ပြန်လည် ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

သတင်းစဉ်၊ အယ်လ်စိုး(မူဆယ်