အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်


Ministry of Information/ ​နေပြည်တော် / May 07, 2020
image_latest


နွေရာသီတွင် ရာသီ ဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓါတ်ဆားဓါတ် များ ဆုံးရှုံးမှု ပိုမိုများပြား လာပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့် ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ သတိလစ်ခြင်း တို့အပြင် ပြင်းထန်ပါက အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေ အထိ ဖြစ်နိုင်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိူး ဆက်များ မဖြစ်ပေါ် စေရေးအတွက် ဖော်ပြပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

(၁)       ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံ   ရှိသူ များ အနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်း        သော နေရာများတွင် နားနေပါ။

(၂)        ပူပြင်းသည့် နေရောင်အောက်တွင် ပင်ပန်းစွာ အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု  ပြုလုပ်ခြင်း တို့ကို ရှောင်ကြဉ်ပါ။

(၃)       ပူပြင်းသည့် နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ် လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရအေးမြသည့် နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏ ပြုလုပ်ပါ။

(၄)       အလင်းပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ။

(၅)       နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ လွင်တီး   ခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို    ရှောင်ကြဉ် ပါ။

(၆)       အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

(၇)       ခန္ဓာကိုယ်အတွင်း ရေနှင့် ဓါတ်ဆားဓါတ်များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ရေနှင့် ဓါတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

(၈)       မိတ်နှင့် ယားဖုများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်ပါ။

(၉)       အပူဒဏ်အန္တရာယ်ခံစားရသော လူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာ တွင် ထားရှိခြင်း၊ ရေနှင့် ဓါတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ ခန္ဓာကိုယ် အပူချိန်အမြန် ကျဆင်း စေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား(၂)ဖက်နှင့် ပေါင်ခြံ(၂)ဖက်တို့အား ရေအေး ပတ်တိုက် ပေးခြင်း စသည် တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ/ ဆေးခန်း/ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြသ ၍ ကုသမှုခံယူစေပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ