စမတ်စီးတီးမန္တလေး
စမတ်စီးတီးမန္တလေး
Ministry of Information/ မန္တလေး / September 03, 2019

အာဆီယံစမတ်စီးတီးကွန်ရက် ASEAN Smart Cities Network (ASCN) ကို တည်ထောင်ရန် ၂၀၁၈ ခုနှစ် ဧပြီလကကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ် ခဲ့ကြသည်။ အာဆီယံ စမတ်စီးတီး ကွန်ရက်တွင်ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ ကြီးသုံးမြို့ကို စမတ်စီးတီးအဖြစ် တည်ဆောက်သွားရန် အဆိုပြုခဲ့ကြောင်း သိရှိရသည်။
စမတ်စီးတီးမြို့ ကြီးသုံးမြို့တွင်ပါဝင်သည့် မန္တလေးမြို့အနေဖြင့် မန္တလေးစမတ်စီးတီးအဖြစ် ပြောင်းလဲရာတွင် ပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိနေပြီး မည်သို့ပြုပြင်ပြောင်းလဲလျက် ရှိနေသည်ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် မန္တလေးစမတ်စီးတီးအရာရှိချုပ် ဦးရဲမြတ်သူနှင် တွေ့ဆုံမေး မြန်းခဲ့ပါသည်။
မေး ။ ။ မန္တလေးမြို့ကို စမတ်စီးတီးဖြစ်အောင် ဆောင်ရွက်နေရာမှာ စမတ်စီးတီး ဆိုတာ ဘယ်လိုပုံစံမျိုးတည်ဆောက်ရတယ်ဆိုတာ အရင်ဆုံးပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့ မန္တလေးမှာ စမတ် စီးတီးကို ဘာဖြစ်လို့ အကောင် အထည်ဖော်တာလဲဆိုရင် ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ လုပ်တဲ့အခါ အဆင်ပြေစေဖို့ပါ။ ပြည်သူတွေဘက်ကလည်း စမတ်ဖုန်း တွေ သုံးလာကြတယ်။ သူတို့က စမတ်ဖုန်းကနေ တစ်ဆင့် ဝန်ဆောင် မှုတွေ ယူလာကြတယ်။ အဲဒီအတွက် စည်ပင်သာယာရေးအဖွဲ့တွေ အနေနဲ့ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့အခါ နည်းပညာသုံးဖို့ လိုလာပါ တယ်။ ပြည်သူ့ရေးရာဝန်ဆောင်မှု ပေးတဲ့အခါ အဆင်ပြေအောင် လုပ်ကြရင်းနဲ ဒီလို အဆင်ပြေအောင် လုပ်ပေးရာ ကနေ စမတ်စီးတီး ဖြစ်လာတာပါ။ စမတ်စီးတီးရဲ့ သဘောက ဇိမ်ခံတဲ့သဘောမျိုး၊ နည်းပညာ ချည်းပဲ သုံးတာမျိုးတော့ မဟုတ်ပါဘူး။ အဓိက ကတော့ ပြည်သူတွေ အဆင်ပြေအောင် ကြိုးစား ဖော်ဆောင်ပေးတဲ့ နည်းလမ်းတစ်ခုပါ။
စမတ်စီးတီးနဲ့ ပတ်သက်ပြီး စင်ကာပူက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ အချိန်မှာ အာဆီယံနိုင်ငံတွေထဲက မြို့ကြီး ၂၆ မြို့ကို ရွေးပြီးတော့ စမတ်စီးတီးကွန်ရက လုပ်မယ်ဆိုပြီး စပြီး အကောင် အထည်ဖော်ပါတယ်။ မြို့က တစ်နိုင်ငံကို သုံးမြို့စီပါ။ ဘာဖြစ် လို့ ၂၆ မြို့ ဖြစ်တာလဲဆိုတော့ တချို့နိုင်ငံ ဥပမာ စင်ကာပူလိုနိုင်ငံကျတော့ မြို့တစ်မြို့ ပဲရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စမတ်စီးတီးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်ကို နေပြည်တော်ကောင်စီ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က တာဝန်ယူပြီးတော့ မြန်မာနိုင်ငံအတွက် မြို့သုံးမြို့ကို တောင်းတဲ့အခါ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးကို ပေးခဲ့တာဖြစ်ပါတယ်။ ဒီမြို့သုံးမြို့အတွက် စမတ်စီးတီး အရာရှိချုပ် သုံးဦးကိုလည်း ပေးရပါတယ်။
ကျွန်တော်တို့သုံးယောက်က စင်ကာပူမှာ အလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ရောက်ရပါတယ်။ ဒီဆွေးနွေးပွဲမှာ အာဆီယံ စမတ်စီးတီး မူဘောင် ကို ဆွေးနွေးကြတယ်။ အစီအမံတွေဆောင်ရွက်ခဲ့ ကြပါတယ်။ ဒီဆွေးနွေးပွဲက ထွက်လာတဲ့ ရလဒ်က ပြည်သူတွေရဲ့ လူနေမှုနဲ့ ဘ၀ အရည် အသွေး မြင့်မားဖို့၊ စီးပွားရေးနဲ့ပတ်သက်ပြီး လုပ်သာကိုင်သာ ရှိတဲ့ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးဖို့နဲ့ သဘာ၀ပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်း ဖို့ဆိုပြီး အဓိက သုံးခု ရရှိခဲ့ပါတယ်။
ဒီထဲမှာမှ မြို့ပြစနစ်တွေ၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုနဲ့ ပတ်သက်တာ တွေ၊ ပြည်သူတွေရဲ့ လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ ခရီးသွားလာ ပို့ဆောင်မှု၊ သန့်ရှင်းသပ်ရပ်တဲ့ ဝန်းကျင်ဒါမျိုးတွေ လည်းပါ ပါတယ်။ ဒါတွေကို ကောင်းမွန်ဖို့ လုပ်ဆောင်ပေးတဲ့အခါ နည်းပညာကို အသုံးပြုတဲ့ အတွက် စမတ်စီးတီးလို့ သတ်မှတ် ပေးတာ ဖြစ်ပါတယ်။
မန္တလေးမှာ နည်းပညာသုံးပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုပေးတာတွေ ရှိပါတယ်။ ဥပမာယာဉ်ကြော ထိန်းသိမ်းတဲ့အခါ ယာဉ်ကြောကျပ်တည်း မှု မဖြစ်အောင် လမ်းတွေအောက်မှာ အာရုံခံဆင်ဆာတွေ ထားတာမျိုးနဲ့ ဖြေရှင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုမျိုးပဲ ဆင်ဆာစနစ်ကနေ ဖြတ်သန်းသွားလာတဲ့ ကားနံပါတ်တွေ၊ ကားကဘာ အရောင်တွေ ဆိုတာကို မှတ်သား ထားပြီးတော့ မီးနီဖြတ်မောင်းတာ၊ ယာဉ်မတော် တဆမှုအတွက် လိုက်ရှာတာမျိုးမှာ သုံးတာရှိပါတယ်။ ဒီလိုပဲ GPS သုံးပြီးတော့ အမှိုက်နဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတာ၊ ရေဖြန့်ဝေရေးကို စီမံခန့်ခွဲတာ ဒါတွေက စမတ်စီးတီးနဲ့ ကိုက်ညီ နေတဲ့အတွက် စမတ်စီးတီး ခေါင်းစဉ်ထဲ ဝင်လာ တာဖြစ်ပါတယ်။
မေး ။ ။ လက်ရှိ မန္တလေးမြို့ ကြီးကို စမတ်စီးတီးအဖြစ် အကောင် အထည်ဖော်ရာမှာ ဘယ်ကဏ္ဍတွေကို ဦးစားပေးထားတယ်၊ ဘာတွေ ထပ်ပြီး ဦးစားပေးဆောင်ရွက်သွားမယ် ဆိုတာ သိချင်ပါတယ်။
ဖြေ ။ ။ တကယ်တမ်းကျတော့ စမတ်စီးတီး အကောင်အထည်ဖော်တဲ့ လုပ်ငန်းက ဘယ်တော့မှမပြီးတဲ့ လုပ်ငန်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် မြို့တစ်ခုထဲမှာ နေထိုင်တဲ့ ပြည်သူတွေကိုဝန်ဆောင်မှုပေးတဲ့ကိစ္စက ဘယ်တော့မှ ပြီးဆုံးမသွားလို့ပါပဲ။
နည်းပညာနဲ့ပတ်သက်ပြီး ကောင်းတဲ့အရာ တွေကလည်း အမြဲ ပေါ်ထွက်လာပါတယ်။ မကြာခင်မှာ မန္တလေး Smart Pay ဆိုပြီး အွန်လိုင်းကနေတစ်ဆင့် ပေးဆောင်ရတာမျိုး တွေကိုလည်း လုပ်သွား ဖို့ရှိပါတယ်။ ပြီးတော့ ခုလတ်တလောမှာဆိုရင် မီတာခတွေ ပြောင်းလဲ ကောက်ခံတဲ့အတွက် Energy Management ဘက်မှာ ဆောင်ရွက် သွားမှာတွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မန္တလေးမှာ ယာဉ်တွေ များပြားလာတယ်။ ‘ဒီတော့ ယာဉ်ကြော ကျပ်တည်း မှုမဖြစ်အောင် လုပ်နေတာတွေရှိတယ်။ တိုးဂိတ်တွေမှာ ကားတွေ တန်းစီမစောင့်ရတဲ့ စနစ်ကို သွားနိုင်အောင် လုပ်နေတယ်။ လမ်းခင်း တာတွေနဲ့ပတ်သက်ပြီး ပြောင်းလဲခဲ့တာတွေလည်း ရှိတယ်။ အဓိကကတော့ ပြည်သူတွေအတွက် ပုံမှန်လုပ်ပေးနေတဲ့ အလုပ်တွေကို ပိုကောင်းအောင် ဘယ်လိုလုပ်ပေးမယ်ဆိုတာပါ။ မန္တလေးရဲ့ အမှတ်သင်္ကေတတွေ ရှိပါတယ်။ ဒါတွေကိုလည်း ထိန်းသိမ်းမယ်။ မန္တလေးရဲ သင်္ကေတတစ်ခုက ပြည်သူရဲ့ ပူးပေါင်းမှုလို့လည်း ပြောလို့ရပါတယ်။
မေး ။ ။ စမတ်စီးတီးဆိုပြီး အကောင်အထည်ဖော်ပေမယ့် အဓိကကတော့ မန္တလေး ပြည်သူတွေအတွက် ပြည့်စုံကောင်းမွန်တဲ့လူနေမှု စနစ် တစ်ခု အဖြစ် အကောင်အထည်ဖော်တာလို့ နားလည်ပါတယ်။ ဒီလိုအကောင် အထည်ဖော်ရာမှာ နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ ကျွန်တော်တို့အနေနဲ့ စမတ်စီးတီး အဖြစ် ဖော်ဆောင်ရာ မှာတချို့က စမတ်စီးတီးဆိုတော့ ဂျိမ်းဘွန်း ရုပ်ရှင်ကားထဲက နည်းပညာ တွေလို၊ ဇိမ်ခံတဲ့သဘောလို ပြေးမြင် တာရှိပါတယ်။ ဒီလိုမျိုး မဟုတ်ပါ ဘူး။ ကျွန်တောတို့က ပိုမိုပြည့်စုံကောင်းမွန်တဲ့ လူနေမှုစနစ်တစ်ခုကို ဖော်ဆောင်တာပါ။ နည်းပညာတွေ ထွန်းကား လာတဲ့ခေတ်မှာ လူနေမှုစနစ်ရဲ့ လိုအပ်ချက်တွေ ကလည်း ပြောင်းလဲနေတယ်။ ဒီလိုပြောင်းလဲ လိုအပ်နေတာ တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ပါ။
နောက်တစ်ခုက အာဆီယံ စမတ်စီးတီး ကွန်ရက်ထဲမှာပါတယ်။ အာဆီယံထဲမှာလည်း မတူညီတာ တွေရှိသလို တူညီတာတွေလည်း ရှိတယ်။ ဥပမာ မြေယာပြဿနာ တွေလိုမျိုးပါ။ ဒါပေမယ့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တော့ မျှဝေလို့ရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အာဆီယံ စမတ်စီးတီးအဖွဲ့ကို အမေရိကန် ဝါရှင်တန်မှာရှိနေတဲ့ Expo ဖိတ်ပြီးတော့ နည်းပညာတွေ၊ လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တွေ့ဆုံတာ မျိုးရှိပါတယ်။ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။
တစ်ဖက်မှာလည်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က စမတ်စီးတီး အရာရှိချုပ် သုံးယောက်ကလည်း ဒီလိုနိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှု တွေနဲ့ ချိတ်ဆက်တက်ရောက် နေသလို ကျွန်တော်တို့အချင်းချင်း ပူးပေါင်းညှိနှိုင်း ဆွေးနွေးနေတာတွေ ရှိပါတယ်။ ဥပမာ Zip Code တွေနဲ့ ပတ်သက်တာတွေပါ။
မေး ။ ။ ဒီလိုတွေ လက်တေွ့ဆောင်ရွက်တဲ့အခါ အခက်အခဲအဖြစ် ဘာတွေရင်ဆိုင် တွေ့ရသလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ ။ ။ အပြောင်းအလဲတိုင်းမှာ တုံ့ပြန်မှုရှိတာ သဘာ၀ပါ။ ဒီလိုပြောင်းလဲ တဲ့အခါ နည်းပညာတွေနဲ့ တချို့နေရာတွေမှာ အစားထိုး ဆောင်ရွက် တဲ့အတွက် ‘ဒါကို လက်ခံဖို့ နည်းနည်းအခက်အခဲရှိတာတွေကို ဖြေရှင်းရ တာ မျိုးတွေ ရှိပါတယ်။ ဥပမာ GPS တပ်တုန်းကဆို GPS Device တွေကို ဖျက်ဆီးဖို့ ရေတွေ ထည့်တာမျိုး၊ လောင်သွားအောင် လုပ်တာ မျိုး ရှိပါတယ်။ ပြီးတော့ ကြိုတင်စဉ်းစားထားပေမယ့် တကယ်မှာ ဖြစ်မလာတာတွေလည်း ရှိပါတယ်။
မေး ။ ။ စမတ်စီးတီးလို့ပြောတဲ့အခါ အခု နိုင်ငံတိုင်းမှာ ခေတ်စားနေတဲ့ Green City နဲ့ရော ဘယ်လိုချိတ်ဆက်ဆောင်ရွက်ပါ သလဲ။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့ စမတ်စီးတီး အဓိက ရည်ရွယ်ချက် သုံးခုထဲမှာပါပါတယ်။ ပတ်ဝန်းကျင်ကို စိမ်းလန်းအောင်လုပ်ရမယ့် ကိစ္စတွေမှာဆို သစ်ပင်တွေ စိုက်တာမျိုးရှိတယ်။ သစ်ပင်တွေကို မခုတ်တော့ဘဲ တူးရွှေ့ပြီး ပြန်စိုက် တာမျိုးတွေ လုပ်တယ်။ ပြီးတော့ စွမ်းအင်စီမံခန့်ခွဲမှုကလည်း အစိမ်းရောင်ထဲမှာ ပါပါတယ်။ အဓိက ကတော့ လျှပ်စစ်ဓာတ်အားကို အလေအလွင့်မရှိအောင်၊ သုံးစွဲတတ် အောင်နဲ့ ပြည့်ဖြိုးမြဲ စွမ်းအင်တွေ သုံးစွဲနိုင်အောင် ဒါတွေ ကလည်း ဆောင်ရွက်သွားရမှာပါ။ အစိမ်းရောင်ဆိုရင် သစ်ပင်တွေ စိမ်းလန်း စိုပြည်နေတာတစ်ခုတင် မဟုတ်ပါဘူး။ လူမှုပတ်ဝန်းကျင်က သဘာ၀ ဝန်းကျင် မထိခိုက်စေဘဲ ဖွံ့ ဖြိုးမှုရအောင် လုပ်တာတွေပါ။
မေး ။ ။ စမတ်စီးတီးနဲ့အတူ ဆက်စပ်ပြီး မေးချင်တာရှိပါတယ်။ မန္တလေးဆိုတာ အားလုံးသိတဲ့အတိုင်း နန်းဓလေ့၊ နန်းငွေ့ တွေနဲ့လည်း ပြည့်နေတယ်။ ဒီဟာတွေ မပျက်စီး အောင် ဘယ်လိုဆောင်ရွက် နေပါသလဲ။
ဖြေ ။ ။ နန်းတော်ဟောင်း၊ ကျုံးတင်မဟုတ် ပါဘူး။ မန္တလေး စည်ပင် သာယာရေး နယ်နိမိတ်ထဲမှာ အမရပူရ နန်းမြို့ဟောင်းလည်း ရှိပါတယ်။ အခုတော့ နန်းတော်လည်း မရှိတော့ဘူး၊ ကျုံးလည်း မရှိတော့ဘူး။ အခုတော့ လူတွေ ဝင်ရောက်နေထိုင်ကြပြီ။ ကုန်းဘောင်မင်းဆက် လက်ရာတွေက မန္တလေးတင်မဟုတ်ဘဲ အမရပူရမှာလည်း ရှိနေတယ်။ အမွေအနှစ် အငေွ့အသက်တွေ ရှိနေတာတွေကို အခုတတ်နိုင်သလောက် ထိန်းသိမ်းပါတယ်။ အရင်တုန်းကလို ဝင်းအခေါ် အဝေါ်တွေ မပြောင်းလဲဘဲ ပြန်ထားတာ၊ ရှိနေ တာတွေကို ပြန်ထိန်းတာတွေ ရှိပါတယ်။
မေး ။ ။ မြို့တော်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ ဆောင်ရွက်မှုတွေကို ပြည်သူတွေက အသိအမှတ် ပြုကြတယ်။ နောက်ထပ် ပြည်သူတွေ အ တွက်ဘယ်လိုအစီအစဉ်သစ်တွေရှိတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ ကျွန်တော်တို့ ကော်မတီဝင်အားလုံးက တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက် နေပါတယ်။ ဒီလိုကြိုးစားတဲ့အခါ ပြည်သူတွေနဲ့ အမြဲထိတွေ့ ညှိနှိုင်းပါတယ်။ ဒါကြောင့် လုပ်ငန်းတော်တော်များများမှာ ပြည်သူတွေ အများကြီး ပါဝင်လာပါတယ်။
မေး ။ ။ မန္တလေးမြို့မှာ လိပ်စာစနစ်သစ် တစ်ခုကို ဆောင်ရွက်နေတယ် လို့ သိရတဲ့အတွက် အခုဘယ် အခြေအနေ ရောက်ပြီ ဆိုတာနဲ့ မန္တလေး ပြည်သူ တွေအတွက် ဘယ်အချိန် အသုံးပြုနိုင်မယ်ဆိုတာ ရှင်းပြပေးပါဦး။
ဖြေ ။ ။ မန္တလေးမြို့ရဲ့ လိပ်စာစနစ်က အရင်ကတည်းက ကောင်းခဲ့ တယ်။ ကျွန်တော်တို့ ငယ်ငယ်ကဆို ရင် စာတိုက်ကနေ စာပို့ရင် မြို့တွင်း ဆို ၂၄ နာရီအတွင်း ရောက်တယ်။ နယ်ဆိုရင် တစ်ရက်၊ နှစ်ရက် ဒီလိုမျိုးနဲ့ ရောက်တယ်။ စာတိုက်စနစ်ကနေ ငွေလွှဲတာ၊ ပစ္စည်းလွှဲတာ ဒါမျိုးတွေလည်း အဆင်ပြေပြေရှိ တယ်။ လမ်းစနစ်ကလည်းကောင်း တယ်။ အရှေ့အနောက် သွားတဲ့လမ်းအမည်နဲ့၊ တောင်မြောက် သွားတဲ့လမ်းအမည်နဲ့ သွားတဲ့အတွက် ပြောတာနဲ့ တန်းသိနိုင်တယ်။ အိမ်နံပါတ်တွေကလည်း စနစ် တကျရှိတယ်။ နောက်ပိုင်း လူနေမှုပြောင်းလဲလာ တော့အိမ်ဝိုင်းတွေကို တစ်ခြမ်းခွဲရောင်းတာ မျိုးတွေ ရှိလာတယ်။ မြို့ကွက်သစ်တွေ ထပ်ချဲ့ လာတော့ မြို့ ကြီးလာပြီး ပြောင်းလဲလာတယ်။ အခု အွန်လိုင်း ဝန်ဆောင်မှုတွေက သုံးလာ ကြတယ်။ ဒီလိုသုံးတဲ့အခါ၊ လိပ်စာပြောတဲ့အခါ အနီးစပ်ဆုံး ဟိုတယ်၊ စားသောက်ဆိုင် ဒါမျိုး တွေကိုပြောပြီး သုံးနေရတယ်။ အိမ်နံပါတ်၊ လိပ်စာနဲ့ တိုက်ရိုက်မရောက် နိုင်တော့ဘူး။ ဒါကြောင့် လိပ်စာစနစ်တွေ မှန်အောင်၊ ပြည်သူတွေ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ဝန်ဆောင်မှု ရယူတဲ့အခါ အဆင်ပြေအောင် လိပ်စာစနစ်ကို စလုပ်နေတယ်။ မကြာခင်မှာတော့ အသုံးပြု နိုင်မှာပါ။
မေး ။ ။ မြို့တော် စည်ပင်သာယာအောင် ဆောင်ရွက်တဲ့အခါ မှုခင်းကျဆင်း ရေးကလည်း အရေးကြီး ပါတယ်။ စည်ပင်သာယာအောင် လုပ်တဲ့အဖွဲ့တွေနဲ့ တိုက်ရိုက်မသက်ဆိုင် ပေမယ့် စမတ်မြို့တော်ထဲမှာ မှုခင်းကျဆင်းရေးကို ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ထည့်သွင်းဆောင်ရွက် နေတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ မန္တလေးမှာ Safe City ဆိုပြီး လုပ်နေတဲ့ စီမံကိန်းတစ်ခု ရှိပါတယ်။ CCTV တွေတပ်ပြီး Control Room ကနေ ရဲတပ်ဖွဲ့ဝင် တွေက စောင့်ကြည့်ပေးနေတာ ရှိတယ်။ နောက်ပိုင်းမှာတော့ လူမပါတော့ဘဲ ထိန်းချုပ်နိုင်အောင် စီစဉ်နေတယ်။ ပြီးတော့ လမ်းမီးကိစ္စပါ။ လမ်းမီးလင်းတာနဲ့ မှုခင်းကျဆင်းမှု ဟာ ဆက်နွှယ်နေ တာကို တွေ့ရှိရပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ ပြည်သူတွေကို ပြောပြ ချင်တဲ့ အကြောင်းအရာ တွေရှိရင် ဖြည့်စွက် ပြောကြားပေး စေလိုပါတယ်။
ဖြေ ။ ။ ပြည်သူတွေကို အသိပေး တင်ပြချင်တာက နည်းပညာကို ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ထည့်ပြီးတော့ သုံးလာရတယ်။ ဒီလိုသုံးတဲ့အတွက် ဝန်ဆောင်မှုတွေ ပိုကောင်းလာတယ်။ ဒါကြောင့် ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့လည်း ဒီလို ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ပေးတဲ့အခါ ပိုကောင်းအောင် လုပ်ပေးချင်တာပါ။ ဥပမာ လမ်းခင်းတာကအစ နောက်ပိုင်းမှာ သက်ရင့် ကျောက် အမျိုးအစားတွေ မသုံးတော့ဘဲ သက်နု ကျောက်နဲ့ ဘိလပ်မြေ ရောသုံးတာမျိုးတွေ ပြောင်းလဲသွားမှာပါ။ အဓိကကတော့ ပြောင်းလဲ လာတဲ့ လူမှုစီးပွားတွေနဲ့အညီ ပိုပြီးကောင်းမွန် အောင် ဖော်ဆောင်ပေးတာပါ။ သဘာ၀ ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ နေချင်စဖွယ်ဖြစ်တဲ့ မြို့တွေဖြစ်အောင် အားလုံးဝိုင်းပြီး ကြိုးစားရမှာ ဖြစ်ပါတယ်။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။
ရှင်မင်း