အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၂/၂၀၁၉) ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 24, 2019
image_latest


နေပြည်တော် ဇူလိုင် ၂၄

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) တို့ ပူးပေါင်းကျင်းပသည့် အဂတိ လိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU) နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ PARK ROYAL HOTEL ၌ ကျင်းပသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီမှစတင်၍ ပြည်ထောင်စုဝန်ကြီးဌာန(၁၄)ခုတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိတို့၏ စိတ်ဆန္ဒအလျှောက် ထပ်မံဖွဲ့စည်းလာသည့် ပြည်ထောင်စုဝန်ကြီးဌာနများ ရှိလာသဖြင့် ယခုအခါ ပြည်ထောင်စုဝန်ကြီးဌာန (၁၈)ခုတွင် CPU(၃၂)ဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း CPU တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များကို ကော်မရှင်၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြ၍ နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများ သာမက ပြည်သူလူထု တစ်ရပ်လုံးသို့လည်း ပွင့်လင်းမြင်သာစွာ အသေးစိတ် တင်ပြသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ CPU များ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် မိမိတို့၏ ရည်မှန်းချက် တာဝန်များကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ CPU များသည် အချို့ ဝန်ကြီးဌာနများတွင် ထိထိရောက်ရောက် စတင်လှုပ်ရှား ဆောင်ရွက်နေပြီဖြစ်ပြီး ယခုဒုတိယအကြိမ် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲတွင် CPU နည်းပညာနှင့် လက်သုံးကိရိယာများ အသစ်တပ်ဆင်ပေးမည်ဖြစ်သဖြင့် မကြာမီတွင် ပြည်သူလူထုကို ပိုမို၍ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်း။

ယနေ့ပြုလုပ်သည့် နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၂/၂၀၁၉)တွင် ဘာသာရပ် အသစ်များအနက် ကမ္ဘာ့ဘဏ်အုပ်စု၊ မြန်မာနိုင်ငံဆိုင်ရာ ရုံးက CPU Toolkit အဖြစ် လွှဲပြောင်းပေးအပ်မည့် (Proactive Beneficiary Engagement –PBE) လုပ်ငန်းသုံး ပရိုဂရမ်တစ်ခုလည်း ပါဝင်မည်ဖြစ်ပါကြောင်း ဤပရိုဂရမ်သည် မိမိတို့၏ လိုအပ်ချက်နှင့်အညီ အသေးစား အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် များစွာအသုံးဝင်လာမည် ဖြစ်ပါကြောင်း၊ ဤနည်းပညာသည် CPUအဖွဲ့ဝင်များနှင့် ဝန်ဆောင်မှုရယူသော ပြည်သူတစ်ဦးချင်းတို့ကို တိုက်ရိုက်ချိတ်ဆက်ပေးပြီး မိမိရုံးဌာနတာဝန်ကို အလွဲသုံးစားပြုလုပ်နေသော တိုင်းဒေသ/ပြည်နယ်/ မြို့နယ်/ ရပ်ကျေးရုံးမှ ဝန်ထမ်းများကို ပြုပြင် ထိန်းကျောင်း အရေးယူခြင်း ပြုနိုင်သည့် နည်းပညာဖြစ်ပါကြောင်း။

ထိရောက်သော အရေးယူ ဆောင်ရွက်မှုများကြောင့် အဂတိလိုက်စားမှုသည် ဘေးအန္တရာယ် ကြီးမားကြောင်း လူအများက အသိအမှတ်ပြုလာကြပြီဖြစ်ပါကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးရှေ့ကို ပိုမိုရောက်လာသည်နှင့်အမျှ အဂတိလိုက်စားမှုပြုလုပ်လျှင် ဖော်ထုတ်အရေးယူခြင်းခံရမည့် ဘေးအန္တရာယ်သည် ပိုကြီးမားလာရန်သာရှိပါ‌‌‌ကြောင်း၊ ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း များသည် အဂတိလိုက်စားမှုဘေး အန္တရာယ်ကို မိမိအပါအဝင် မိမိဌာန အဖွဲ့အစည်းများပေါ်သို့ ကျရောက်မလာစေရန်အတွက် အထူးသတိ ဝီရိယရှိကြရန် လိုအပ်ပါကြောင်း၊ (CPU) များ၏ လုပ်ငန်း တာဝန်သည် မိမိဌာန အဖွဲ့အစည်းအား အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များမှ ကင်းဝေးစေရန် ဖြစ်သလိုအများ ပြည်သူအကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန်လည်း ဖြစ်သည့်အတွက် ဌာန အကျိုးနှင့် အများပြည်သူအကျိုးတို့ တစ်ထပ်တည်းဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် (CPU)၏ လုပ်ငန်းတာဝန်များအပေါ် ဒွိဟသံသယပွားမနေတော့ဘဲ တာဝန်ရှိသူများ နှင့်တကွ နိုင်ငံ့ဝန်ထမ်းများပါ (CPU) ၏ ရည်မှန်းချက်များအတိုင်း စေတနာထား ပူးပေါင်း ဆောင်ရွက်ပေးသွားကြပါရန် မေတ္တာ ရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP မှ Resident Representative, Mr. Peter Batchelor က ပြည်ထောင်စုဝန်ကြီးဌာန(၁၈)ခုတွင် CPU အဖွဲ့ (၃၂)ဖွဲ့ ဖွဲ့စည်းထားနိုင်သဖြင့် အောင်မြင်နေပြီ ဖြစ်ကြောင်း၊ CPU အဖွဲ့များ၏ လုပ်ငန်း ဆောင်တာများ ထိရောက်အောင်မြင်ရန်တွက် ကော်မရှင်နှင့် ပူပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံရေး စိတ်ဆန္ဒပြင်းပြစွာ အလေးထားပြောဆိုနေမှုကို များစွာ ဂုဏ်ယူမိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဦးဆောင်မှုကောင်းရန်၊ ပြည်သူများ စိတ်ဓါတ်ကောင်းရန်နှင့် အချိန်လိုအပ် ပါကြောင်း ပြောကြားသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC မှ Anti-Corruption Programme Manager, Ms. Marie Pegie Cauchois က အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ အားလုံးသည် ဒီမိုကရေစီစနစ် ကူးပြောင်းရာတွင် အရေးပါသည့် ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအစိုးရ အားလုံးအတွက် အဂတိ လိုက်စားမှုသည် ခေါင်းခဲစရာကိစ္စဖြစ်နေပြီး အဂတိတိုက်ဖျက်ရေးကို အလေးထား ဆောင်ရွက်နေကြကြောင်း၊ အဂတိလိုက်စားမှု ဖြစ်ပွားစေသည့် အကြောင်းအရာတွေကို လျော့ပါးအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ထုတ်ရန်အရေးကြီးကြောင်း၊ ပြည်သူများမှလည်း ပူးပေါင်းပါဝင်ရန် အရေးကြီးပြီး ပြည်သူကို ဝန်ဆောင်မှုပေးနေသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှုရှိရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့်  တက်ရောက်လာသူများသည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။    

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် (၂၆)ရက်အထိ ဆက်လက် ကျင်းပမည်ဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ UNDP ၊ UNODC နှင့် ကမ္ဘာ့ဘဏ်တို့မှ ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားသော ပြည်ထောင်စုဝန်ကြီးဌာန (၁၈) ခုနှင့် ကော်မရှင်ရုံးမှ သင်တန်းသား စုစုပေါင်း ၁၅၆ ဦး တက်ရောက်ကြသည်။  

(သတင်းစဉ်)