ရုပ်ရှင်ရုံ ၁၃၁ ရုံ၊ ပိတ်ကားပေါင်း ၁၅၁ ခုမြောက်အဖြစ် Mingalar Cinemas Gold Class အဆင့်မြင့်ရုပ်ရှင်ရုံဖွင့်
ရုပ်ရှင်ရုံ ၁၃၁ ရုံ၊ ပိတ်ကားပေါင်း ၁၅၁ ခုမြောက်အဖြစ် Mingalar Cinemas Gold Class အဆင့်မြင့်ရုပ်ရှင်ရုံဖွင့်
Ministry of Information/ ရန်ကုန် / May 06, 2019

ရန်ကုန် မေ ၅
မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများ အပန်းဖြေနိုင်ရန် အတွက် ရုပ်ရှင်ရုံ ၁၃၁ ရုံ၊ ပိတ်ကားပေါင်း ၁၅၁ ခုမြောက်အဖြစ် Mingalar Cinemas Gold Class အဆင့်မြင့် ရုပ်ရှင်ရုံကို မေ ၉ ရက်တွင် စတင်ဖွင့်လှစ်ကာ ရုပ်ရှင် ဇာတ်ကားများ ကို ပြသသွားမည်ဖြစ်ကြောင်း မင်္ဂလာကုမ္ပဏီလီမိတက်မှ သိရသည်။
မင်္ဂလာကုမ္ပဏီလီမိတက်မှ ဦးမြတ်ခိုင်စိုးက ''မင်္ဂလာ ကုမ္ပဏီအနေနဲ့ ဖွင့်လှစ်တဲ့ ရုပ်ရှင်ရုံအနေနဲ့ဆိုရင် ၂၇ ရုံမြောက်ပါ။ ပိတ်ကားပေါင်းအနေနဲ့ကတော့ ၄၈ ခုမြောက်ပါ။ ဒီရုပ်ရှင်ရုံမှာတော့ ရုံသုံးရုံပါဝင်ပါတယ်။ အဆင့်အတန်းမြင့်ရုပ်ရှင်ရုံတွေ ပါ။ ခုံတွေကလည်း နောက်ကိုလှန်လို့ရမယ်။ တကယ့်ကို ကောင်းကောင်းမွန်မွန် ကြည့်ရှုလို့ရမယ့် ရုံတွေပါ။ အေးအေး ဆေးဆေးကြည့်နိုင်မယ့် ပရိသတ်တွေအတွက် အဓိကထားပြီး အခုလိုဖွင့်လှစ်လိုက်တာပါ'' ဟုပြောသည်။
Mingalar Cinemas Gold Class အဆင့်မြင့်ရုပ်ရှင်ရုံဖွင့်ပွဲနှင့် ပတ်သက်၍ ပြုလုပ်သည့် စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါရုပ်ရှင်ရုံ တည်ရှိရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းရှိ Kabaraye Executive Residence (KER) Shopping Mall(၅) လွှာတွင် ပြုလုပ်ရာ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်များ၊ သတင်း မီဒီယာသမားများ တက်ရောက် ကြပြီး Mingalar Cinemas Gold Class အဆင့်မြင့် ရှပ်ရှင်ရုံ ရုံ (၁) တွင် ပြသသည့် 3D ဇာတ်ကားနမူနာ များကို ကြည့်ရှုအားပေးကြသည်။
Mingalar Cinemas Gold Class အဆင့်မြင့်ရှပ်ရှင်ရုံတွင် ရုံသုံးရုံ၊ ပိတ်ကားသုံးခုရှိပြီး ကြည့်ရှုနိုင်သူအရေအတွက်မှာ ရုံ (၁) တွင် လူဦးရေ ၆၀ ၊ ရုံ (၂) တွင် ၂၉ ဦး ၊ ရုံ (၃) တွင် ၃၃ ဦး စီစဉ်ထားရှိ သည့်အတွက် တစ်ချိန်တည်းတွင် လူဦးရေ ၁၂၂ဦး တစ်ပြိုင်တည်း ကြည့်ရှုနိုင်သည့်အပြင် နိုင်ငံတကာအဆင့်မီ တစ်ယောက်ထိုင်ခုံနှင့် နှစ်ယောက်တွဲထိုင်ခုံတို့ဖြင့် အဆင့် အတန်းမြင့်စွာ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
၂၀၁၃ ခုနှစ်တွင် ရုပ်ရှင်ရုံအနေဖြင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသနိုင်သည့် ရုပ်ရှင်ရုံ ၁၉ ရုံ၊ ပိတ်ကား ၁၉ ခုသာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ယနေ့အထိ ရုပ်ရှင်ရုံ ၁၃၁ ရုံ၊ ပိတ်ကား ၁၅၁ ခုအထိ တိုးတက်လာ ခဲ့ပြီဖြစ်သည်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်လျက်ရှိရာ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှု အပိုင်းတွင် ၂၀၁၄ ခုနှစ်၌ (၉)ကားသာ ခွင့်ပြုခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၅၈ ကား၊ ၂၀၁၈ ခုနှစ်တွင် ၁၃၃ ကား၊ ၂၀၁၉ ခုနှစ် ယနေ့အထိ ၃၅ ကား ခွင့်ပြုနိုင်ခဲ့ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်