MyCO အကြောင်းသိကောင်းစရာများ
MyCO အကြောင်းသိကောင်းစရာများ
Ministry of Information/ နေပြည်တော် / August 01, 2019

မြန်မာပြည်မှာ ပထမဆုံး e-government အစီအစဉ်ဖြင့် ကုမ္ပဏီအွန်လိုင်း မှတ်ပုံတင် စနစ် (Myanmar Companies Online- MyCO) ကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင်နိုင်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခု မှတ်ပုံတင်တဲ့အခါ နာရီပိုင်း၊ မိနစ်ပိုင်း အပြင် အချက်အလက် ပြည့်စုံတဲ့အခါမှာတော့ နှစ်မိနစ်အတွင်းမှာပဲ ကုမ္ပဏီတစ်ခု သည် Registered ဖြစ်သွားပါတယ်။ ဒီလို Online ဝန်ဆောင်မှုပေးတဲ့အတွက် အောင်မြင်မှု အများအပြား ရရှိသလို Customer များ ဘက်ကလည်း အဆင်မပြေမှု များ ရှိနိုင်တဲ့အတွက် Online ကို မိမိနဲ့ တစ်သားတည်းဖြစ်အောင် ကြိုတင် လေ့ကျင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အောက်ပါအခက်အခဲများ ကြုံပါက ကူညီဖြေရှင်းနိုင်သည့် နည်းလမ်းများရှိကြောင်းကို သိရှိနိုင်ပါရန် အသိပေးလိုခြင်း ဖြစ်ပါတယ်။
ID & Password မေ့တာ ဘယ်လိုပြန်လည်ရယူနိုင်မလဲ
Password မေ့တာဖြစ်တာများသော်လည်း ID မေ့တာကတော့ မိမိရဲ့ ပေါ့လျော့မှု လည်း အများကြီး ပါဝင်ပါတယ်။ တကယ်ဖြစ်လာရင်တော့ MyCO Website ကို ဝင်ပြီး Log In ကို နှိပ်ပါ၊ Did you forget your 'Login ID' or 'Password'? ကို ဆက်နှိပ်ပါ၊ Password မေ့တာဆိုရင်တော့ မိမိ အကောင့် ID အမည်ကိုရိုက်၍ Submit နှိပ်လိုက်ရင် မိမိရဲ့ Gmail ထဲကို website ကနေ လင့် တစ်ခုပေး ပါလိမ့် မယ်။ အဲဒီလင့်ကနေ ဆက်သွားလည်းရပါတယ်။ ID မေ့တာဆိုရင်လည်း I forgot my Login ID ရှေ့မှာ ကလစ်ပေး၍ မိမိ ID ဖွင့်တုန်းက Gmail ကိုရိုက်ထည့်၍ Submit နှိပ်ရပါမယ်။ Company Authority ရဲ့အောက် မိမိ ID ရဲ့ဘေး Revoke ကိုနှိပ်လိုက်တဲ့အခါ မိမိကိုယ်ကို ဒီကုမ္ပဏီရဲ့လုပ်ပိုင်ခွင့်အာဏာကို မိမိဘာသာ ပယ်ဖျက်လိုက်သလို ဖြစ်သွားပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင် မူလ ID ဖြင့် Log In ဝင်၍ Company Authority ပြန်တောင်းရမှာဖြစ်ပါတယ်။
ကုမ္ပဏီတစ်ခုမှာ ID အကောင့် နှစ်ခုရှိနေခြင်း
ကုမ္ပဏီတစ်ခုမှာ ID အကောင့်နှစ်ခုနှင့် အထက် ရှိနေပြီးတော့ အဲဒီ ID အားလုံးကို မိမိတစ်ဦးတည်းက သုံးနေတာဆိုရင် အကောင့်တစ်ခုကနေ ငွေသွင်းပြီးရင် အခြားအလုပ်တစ်ခုခုကို ပြောင်းလုပ်ရင်သော် လည်းကောင်း၊ ပြီးမှဆက်လုပ် မယ်ဆိုပြီး လုပ်ရင်သော်လည်းကောင်း ပထမ ငွေသွင်းလိုက်တဲ့အကောင့် မဟုတ်ဘဲ ဒုတိယအကောင့်နဲ့ ဝင်ခဲ့သော် မိမိငွေသွင်းထားတာ ဘယ်ရောက်သွားတာလဲ၊ ငွေသွင်းပြီးဖြတ်ပိုင်းရှိတယ်၊ ဘယ်လိုဖြစ်တာလဲဆိုပြီး ဇဝေဇဝါ ဖြစ်သွားစေပါတယ်။ အဲဒီအတွက် မိမိဖွင့်ထားသော ID အကောင့်တစ်ခုချင်းစီကို ပြန်လည်စိစစ်ရန် လိုပါတယ်။
Director & Member ရောထွေးနေခြင်း
အစုရှယ်ယာရှင်များ (Members) ဒါရိုက်တာလုပ် လိုက လုပ်လို့ရပြီး အခြားသူ တစ်ဦးဦးကို ဒါရိုက်တာ ခန့်လိုပါက ခန့်လို့ရပါတယ်။ အဲဒါကြောင့် Director အပြောင်းအလဲဖြစ်ပါက မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ပုဒ်မ ၁၈၉(ဂ) အရ ၂၈ ရက်အတွင်း D1 Form တင်ရမှာ ဖြစ်ပြီး Member နှင့် အစုရှယ်ယာတို့ အပြောင်းအလဲဖြစ်ပါက ဥပဒေပုဒ်မ ၇၁(က)၊ ၇၄(စ)၊ ၈၆၊ ၉၆၊ ၁၁၂ နှင့် ၁၁၃ တို့အရ ၂၁ ရက်အတွင်း C-3 Form တင်ရမှာ ဖြစ်ပါတယ်။ Members ပြောင်းထားတာ Director မှာ မပြောင်းသေးလို့ Form တစ်ခုတည်းတင်ရင် ရတယ် ထင်နေတဲ့ ရောထွေးမှုတွေ မဖြစ်ပွားရအောင် အသိပေးလိုခြင်း ဖြစ်ပါတယ်။
ကုမ္ပဏီအမည်တူနာမည်အား လိုချင်ခြင်း
Website တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီအမည် နှင့် ပြန်လည် မှတ်ပုံမတင် ထားသော်လည်း Struck Off မလုပ်ရသေးသော ကုမ္ပဏီအမည်တို့ကို လိုချင်ပါက မှတ်ပုံတင်အရာရှိအနေဖြင့် ခွင့်ပြုပေးနိုင်ခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေပုဒ်မ ၂၆ အရ ကုမ္ပဏီအမည် ပြောင်းလဲရန် မှတ်ပုံတင်အရာရှိက လုပ်ငန်းရှင်များသို့ အကြောင်းကြားစာ ပေးပို့နိုင်ပါတယ်။
MPU/ Credit/ Visa & Master Card များဖြင့် ငွေပေးချေခြင်း
MyCO တွင် MPU/ Credit/ Visa & Master Card များဖြင့် Online ငွေပေးချေရာ တွင် Card မှ ငွေဖြတ်သွားပြီး MyCO စနစ်တွင် ငွေမဝင်ခြင်းများဖြစ် ပေါ်လာပါက မိမိ Card ဖွင့်သော ဘဏ်သို့ သွားရောက်၍ အကျိုးအကြောင်း ရှင်းလင်းပြောပြကာ ID အမည်ပြောပြခြင်းဖြင့် မိမိအကောင့်သို့ ငွေသား ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။
အစုရှယ်ယာရှင်တချို့ မသိရှိဘဲ မှတ်ပုံတင်ထားခြင်း
ပြန်လည်မှတ်ပုံတင်လိုသော ကုမ္ပဏီများသည် ကုမ္ပဏီ၏ မှတ်တမ်းများနှင့်အတူ ဒါရိုက်တာ တစ်ဦးစီ၏ စာဖြင့်ရေးသားထားသော သဘောတူညီချက် သက်သေခံ အထောက်အထားကို ထိန်းသိမ်းထားရမည်ဟု B-1 Form မှာတင်ပြကတည်းက Form မှာပါပြီးဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီမှ MyCO System ပေါ်သို့ တင်ပြ လာတဲ့ ကုမ္ပဏီအချက်အလက်များကို BOD သဘောတူညီ ချက်ရယူပြီးဖြစ်ကြောင်း Documents Examiner က မှတ်ယူမှာဖြစ်ပါတယ်။ ကုမ္ပဏီများအသစ် တည်ထောင်ခြင်း၊ ပြန်လည်မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ရာတွင် အချို့သော ကုမ္ပဏီများတွင် အစုရှယ်ယာရှင်တချို့ မသိ၍ သော်လည်းကောင်း၊ BOD အစည်းအဝေးတွင် ရှယ်ယာ တိုးခြင်း (သို့မဟုတ်) လျော့ခြင်း၊ ညှိမရ၍ ပြန်လည် မှတ်ပုံတင်ခြင်းကိစ္စ ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ထား၍သော်လည်း ရှယ်ယာရှင်တချို့က ကုမ္ပဏီပြန်လည် မှတ်ပုံတင်ခြင်း ဆောင်ရွက်လာသည့် အပေါ် မှတ်ပုံတင်အရာရှိက အတည်ပြုပေးလိုက်ခြင်းဖြင့် ကုမ္ပဏီတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက တင်ပြလာသည့်ပုံစံတွင် လျှောက်ထားသူအဖြစ် လက်မှတ်ထိုးသူမှာသာ အဓိက တာဝန်ရှိမှာ ဖြစ်ပါတယ်။ အဆိုပါကိစ္စရပ်များကို ကုမ္ပဏီအတွင်း ပြေလည်အောင် ညှိနှိုင်း၍ အဆင်မပြေပါက တရားရုံးသို့သာ ဦးတိုက်လျှောက်ထားရမှာဖြစ်ပြီး တရားရုံး၏ ဆုံးဖြတ်ချက် ရယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
MyCO တစ်ခုသာ Company Registration ပြုလုပ်ပေးသော Website ဖြစ်ကြောင်း
ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ် မြန်မာကုမ္ပဏီများ ဥပဒေအတိုင်း လိုက်နာမည်ဆိုပါက သက်တမ်း တိုးခြင်း ကိစ္စများ မရှိတော့သလို သက်တမ်းတိုးဖို့ လိုသေးလားဆိုတဲ့ မေးခွန်းများလည်း ထပ်မံမေးမြန်း စုံစမ်းရန် မလိုတော့ပါ။ အခြား Website တစ်ခုခုတွင် ကုမ္ပဏီများ၏ သက်တမ်းတွေ ပါရှိနေကြောင်း တွေ့ရှိရပါက အဆိုပါ အချက်အလက်များသည် တရားဝင်မဟုတ်ပါကြောင်းနှင့် DICA မှ တရားဝင် အသုံးပြုနေသော Website ဖြစ်သည့် https://www.myco.dica.gov.mm/ တစ်ခုသာ Company Online Registration ပြုလုပ်ပေးသော Website ဖြစ်ကြောင်း အသိပေးရခြင်း ဖြစ်ပါတယ်။
ကုမ္ပဏီနှင့် သက်ဆိုင်သော အပြောင်းအလဲများ တင်ပြခြင်း
ကုမ္ပဏီအပြောင်းအလဲတချို့ကို မည်သည့် Form အမျိုးအစား၊ Form ကြေး ဘယ်လောက် သွင်းရမလဲ သိရှိလိုပါက အကူအညီ (Help) ကနေ ပုံစံများနှင့် အခကြေးငွေများ (Prescribed Forms and Fees) ကိုနှိပ်လျှင် Form ပုံစံများနှင့် Form တစ်ခုချင်းစီ၏ ညာဘက်တွင် သတ်မှတ်ထားသော Form ကြေးများကို သိရှိနိုင် ပါတယ်။
DICA သည် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ကုမ္ပဏီများမှ တင်ပြရန် လိုအပ်သော အချက်အလက်များအား မှတ်ပုံတင်စနစ် MyCO တွင် တင်ပြလာခြင်း များကို ထိန်းသိမ်းထားပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်သည့် Company Registration သီးသန့်သာ ဆောင်ရွက် ပေးသော ဌာန ဖြစ်ပါတယ်။ ကုမ္ပဏီများက ဆောင်ရွက်လိုတဲ့ လုပ်ငန်းများအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ငန်းလိုင်စင်များ လျှောက်ထားရယူ ဆောင်ရွက်ရန် လိုအပ်ပါတယ်။ ။
မောင်ဋီကာ