ကချင်ရိုးရာ အသင့်စားအသားခြောက်အမျိုးမျိုး ထုတ်လုပ်နေသည့် မြစ်ကြီးနားမြို့မှ MSME လုပ်ငန်း


Ministry of Information/ Naypyitaw / December 03, 2023
image_latest


ဖြိုးလေး၊ ငုရွှေဝါ

မြန်မာပြည်မြောက်ဖျားရှိ ကချင်ပြည်နယ်သည် ထူးခြားထင်ရှားသည့် နယ်မြေဒေသတစ်ခုဖြစ်သလို သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝလှသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ အထင်ကရ ရေခဲတောင်ဒေသနှင့်အတူ လေ့လာလည်ပတ်စရာ အခြားနေရာများစွာရှိသလို ဒေသထွက် အဝတ်အထည်များ၊ အလှဆင်လက်ဝတ်ရတနာများ၊ ဒေသအစားအစာများသည် ကချင်ပြည်နယ်၏ လူသိများသော ထုတ်ကုန်များဖြစ်သည်။

လူအများ ကြိုက်နှစ်သက်သော ဒေသထွက် ကချင်ရိုးရာအစားအစာ လုပ်ငန်းများအနက် ကချင်ရိုးရာ အသင့်စား အသားခြောက်အမျိုးမျိုး ထုတ်လုပ်နေသည့် ဝဒူဆိုင်းပန် လုပ်ငန်း သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အသားနှင့်ပတ်သက်သည့် အသင့်စား ရိုးရာအစားအစာ ထုတ်လုပ်မှုလုပ်ငန်းမှာ အနည်းငယ်သာရှိသည်။ ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စား အသားခြောက်လုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်းနှင့် ဖြစ်ပွားပြီး ကာလများတွင် ဈေးကွက်ကိုထိုးဖောက်ရခြင်းဖြစ်၍ ခက်ခဲမှုရှိခဲ့သော်လည်း အတန်အသင့် အောင်မြင်လျက်ရှိကြောင်း လုပ်ငန်းရှင်ကပြောသည်။

ထုတ်ကုန်အမျိုးအစား ၃၀ ကျော်

သမားရိုးကျ စားသောက်မှုပုံစံမှ အသင့်စား စားသောက်မှုပုံစံအသစ်သို့ ပြောင်းလဲ ထုတ်လုပ်ရခြင်းဖြစ်သည့်အတွက် အခက်အခဲများစွာရှိသော်လည်း ထုတ်ကုန်တစ်မျိုးမှသည် လက်ရှိအချိန်တွင် ထုတ်ကုန်အမျိုးအစား ၃၀ ကျော် ထုတ်လုပ်လျက်ရှိကြောင်းနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယ များစွာဖြင့် ကြိုးစားလုပ်ကိုင်လျက်ရှိကြောင်း လုပ်ငန်းရှင်က ဆက်လက်ပြောပြသည်။

လုပ်ငန်းစတင်ချိန်တွင် ကချင်ရိုးရာ အမဲသားခြောက် အမျိုးအစားသာ ထုတ်လုပ်ခဲ့ပြီး ဆီမပါ၊ တာရှည်ခံဆေး မသုံးသဖြင့် ကျန်းမာရေးအတွက် သင့်လျော်၍ လူကြိုက်များလာရာမှ တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ကုန်များ တိုးတက်ထုတ်လာနိုင်ခဲ့ကြောင်း သိရသည်။ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ကိုင်ခဲ့ရာမှ ဈေးကွက်တွင် တင်ပို့ရောင်းချနိုင်သဖြင့် ထုတ်ကုန်များကို တိုးချဲ့ထုတ်လုပ်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စားအသားခြောက်လုပ်ငန်းမှ အသင့်စား အစားအစာများအနေဖြင့် အမဲသားခြောက်၊ အမဲသားမာလာအစပ်၊ အမဲသားငရုတ်သီးထောင်း၊ အမဲသား ဘာလချောင်ကြော်၊ ဝက်သားဘာလ ချောင်ကြော်၊ ကြက်သားမွကြော်၊ ဆိတ်သားဖြင့်ပြုလုပ်သော ဆိတ်သားခြောက် မီးဖုတ်နှင့် ငါးရံ့ခြောက်ဆီဆမ်းတို့ တိုးချဲ့ထုတ်လုပ်လျက်ရှိသည်။ ထို့အတူ အသားမစားသူများအတွက် ပဲပုပ်ဘာလချောင်ကြော်၊ ပုစွန်ဘာလချောင်ကြော်၊ ငါးနီတူဘာလချောင်ကြော်၊ အသားတုကြော်အစပ်၊ သဘာဝကြက်သွန်နီကြော်၊ သက်သတ်လွတ် ဘာလချောင်ကြော်များ ထုတ်လုပ်ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။

ကချင်ငါးပိထောင်း

ထို့အပြင် ကချင်ရိုးရာငါးပိ ပြုလုပ်လာနိုင်ပြီး ကချင်ငါးပိထောင်း (nga panau) ကို ရိုးရာနည်းအတိုင်း ထုတ်လုပ်ရောင်းချ လျက်ရှိသဖြင့် ရောင်းအားအကောင်းဆုံး ထုတ်ကုန်အဖြစ် ရပ်တည်လျက်ရှိသည်။ ကချင်ဒေသမှ ထွက်ရှိသော ပန်းဥ၊ ပူတာအိုဒေသမှ ထွက်ရှိသော ငါးခြောက်ကို ရိုးရာအစားအစာအဖြစ် ပြောင်းလဲ ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းများအနေဖြင့် သစ်ကြံပိုးခေါက်နှင့် နံနံစေ့ကို အဓိကထားပြီး ပေါင်းစပ်ထုတ်လုပ်ခြင်းဖြင့် လူကြိုက်များကြောင်း လုပ်ငန်း လုပ်ကိုင်သူက ပြောပြသည်။

အဆိုပါ ကချင်ရိုးရာ အသင့်စား အသားခြောက်ထုတ်လုပ်သည့် လုပ်ငန်းသည် စတင်လုပ်ကိုင်ချိန်မှာပင် MSME အသင်း ဝင်ရောက်ခဲ့ပြီး ပြည်နယ်အတွင်း၌ ပြသသော ထုတ်ကုန်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် ရောင်းအားကို မြှင့်တင်နိုင်ခဲ့ကြောင်းလည်း သိရသည်။ အသင့်စား အသားခြောက်လုပ်ငန်း အတွက် လိုအပ်သော အသားကို မြစ်ကြီးနားမှ ဝယ်ယူအသုံးပြုပြီး ထုတ်လုပ်ထားသော ကုန်ချောများကို ဖားကန့်၊ တနိုင်း၊ ပူတာအို၊ မူဆယ်မြို့ များသို့ ပို့ဆောင်ပေးလျက်ရှိရာ ကိုယ်စားလှယ်များ၏ မှာယူမှုအခြေ အနေပေါ်မူတည်၍ ပစ္စည်းများ ထုတ်လုပ် ပေးလျက်ရှိကြောင်း သိရသည်။

အလုပ်သမား ၁၅ ဦးခန့် နေ့စဉ်အလုပ်ပေးနိုင်

မြစ်ကြီးနားမြို့ရှိ အဆိုပါလုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်မှုအနေဖြင့် အလုပ်သမား ၁၅ ဦး ခန့်ကို နေ့စဉ်အလုပ်ပေးနိုင်ပြီး လစာအနေဖြင့် တစ်ဦးလျှင် အနိမ့်ဆုံးလစာမှာ ကျပ်တစ်သိန်းခွဲမှ လေးသိန်းအထိပေးနိုင်ကြောင်းလည်း သိရသည်။ လုပ်ငန်း လည်ပတ်ရာတွင် ရိုးရာဒေသထွက် အသင့်စားဖြစ်သောကြောင့် စားသုံးသူ ပြည်သူများ၏ ယုံကြည်မှုရအောင် ဆောင်ရွက်ကြောင်း၊ အသစ်အဆန်း မဟုတ်သော်လည်း အသင့်စားဖြစ်အောင် ဖန်တီးလုပ်ဆောင်လျက်ရှိကြောင်း လုပ်ငန်းရှင်က ဆက်လက်ရှင်းပြသည်။

ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စား အသားခြောက်လုပ်ငန်းကို လုပ်ကိုင်ရာတွင် ကုန်ကြမ်းများ ယခင်ကထက် ဈေးနှုန်းမြင့်မားမှုကြောင့် အမြတ်အနေဖြင့် ထုတ်လုပ်မှုတစ်ခုအတွက် တစ်ဘူးလျှင် ငွေကျပ်ငါးရာခန့်သာ မြတ်စွန်းမှုရှိကြောင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သည့်အပြင် မိမိဝါသနာကို အခြေခံ၍ ထုတ်လုပ်ခြင်းဖြစ်သည့်အတွက် အဆင်ပြေကြောင်း၊ အခြားမြို့များပါ ဖြန့်ချိနိုင် သဖြင့် လုပ်ငန်းများ ယခင်ထက် ပိုမိုတိုးချဲ့ ထုတ်လုပ်နိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကချင်ရိုးရာ အသင့်စား အသားခြောက်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချသော အသင့်စား အစားအစာများကို အနည်းဆုံး ကျပ် ၁၈၀၀ မှ အများဆုံး ကျပ် ၂၅၀၀၀ နှုန်းဖြင့် ရောင်းချ နေသည့်အတွက် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ကြောင်း၊ ထုပ်ပိုးမှု စနစ်ကို စနစ်တကျ ထုပ်ပိုးထားပြီး ထုတ်ကုန်တစ်မျိုးစီအတွက် မှတ်ပုံတင်ထားရှိကာ အနံ့အရသာကို ရိုးရာမပျက် ပြည့်စုံကောင်းမွန်အောင် ဖန်တီးထားခြင်းများကြောင့် ဝယ်ယူစားသုံးသူများ၏ ယုံကြည်မှုကို ပိုမိုရရှိကြောင်းလည်း လုပ်ငန်းရှင်က ပြောသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ပူးပေါင်းပါဝင်

မြစ်ကြီးနားမြို့ရှိ ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စား အသားခြောက်လုပ်ငန်းအနေဖြင့် ပြည်နယ်အတွင်း ကချင်တိုင်းရင်းသားများ၏ ရိုးရာအစားအစာများနှင့်ပတ်သက်သော အရောင်းပြခန်းများ ဖွင့်လှစ်ပေးနိုင်သည်အထိ ရည်မှန်းချက်ထားကာ လုပ်ဆောင်လျက်ရှိကြောင်း၊ မိမိဒေသမှ အခြားဒေသသို့ ရောက်ရှိနေသော တိုင်းရင်းသားများ အတွက်လည်း မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ ဒေသရိုးရာ အစားအစာများကို အသင့်စားသုံးနိုင်ရန် စီစဉ်ရောင်းချပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်လျက် ရှိကြောင်း သိခွင့်ရခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဝဒူဆိုင်းပန် ကချင်ရိုးရာ အသင့်စားအသားခြောက်အမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်းအနေဖြင့် ရိုးရာစားသောက်ကုန်များကို ပုံစံသစ်ဖြင့် ထုတ်လုပ်ရောင်းချခြင်းဖြင့် အောင်မြင်လျက်ရှိသည့်အပြင် ဒေသနေပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေးခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။