ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 23, 2022

ဘားအံ - ဒီဇင်ဘာ (၂၁)
ကိုဗစ်-၁၉ ကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလမှလွဲ၍ နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်း သားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင်ရိုးရာကောက်သစ်စားပွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဦးစွာ ရောင်နီလာချိန် နံနက် ၆ နာရီခန့်တွင် ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့က အလံတင်မည့်နေရာတွင် နေရာယူကြပြီး ကရင်လူငယ်များက ကရင်အမျိုးသားအလံကိုသယ်ဆောင်လာကြကာ ကရင်နှစ်သစ်ကူးနေ့အလံတင် အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်၍ဖားစည်တီးကာ ဖွင့်လှစ်သည်။
ထို့နောက် ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့ လွင့်ထူပေးရာ ကရင်အမျိုးသားအပေါင်းတို့က ကရင်အမျိုးသားသီချင်းကိုစုပေါင်းသီဆိုကြပြီး ကရင်အမျိုးသားအလံ အား အလေးပြုကြကာ တွဲဖက်အခမ်းအနားမှူးက ကရင်အမျိုးသားအလံတော်သမိုင်းကြောင်းအကျဉ်းအား ဖတ်ကြား သည်။
ယင်းနောက် ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဆက်လက်ကျင်းပ ရာ ကျွဲချိုမှုတ်၍ဖားစည်တီးကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး သဘာပတိ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်နှင့်သဘာပတိအဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြကာ အခမ်းအနား သို့တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့်တိုင်းရင်းသားပြည်သူဧည့်သည်တော်အပေါင်းတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှပေးပို့သည့်သဝဏ်လွှာကို သဘာပတိ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဖတ်ကြားပြီး တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်ထံမှပေးပို့သည့်သဝဏ်လွှာကို ပြည်နယ် လူမှုရေးရာဝန်ကြီးဦးစိုးလွင်က ဖတ်ကြားကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်သီရိပျံချီဦးစောမြင့်ဦးက မိမိတို့ကရင်လူမျိုး များ၏ နှစ်သစ်ကူးအခါသမယတွင် ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ကမ္ဘာအနှံပျံနှံနေထိုင်ကြသော ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲ၍ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် မိမိတို့၏ လူမျိုး၊ ရိုးရာဓလေ့၊ စာပေယဉ်ကျေးမှုအမွေအနှစ်များကို အစဉ်ထိန်းသိမ်း နိုင်စေရန် ဝိုင်းဝန်းပူးပေါင်းစောင့်ရှောက်ကြစေလိုကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၊ လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ရေရရှိရေး၊ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကဏ္ဍ မြှင့်တင်ရေး အစရှိသည့်ကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်သစ်ကိုပျော်ရွှင်စွာဆင်နွှဲ၍ ကရင်ပြည်နယ်ကြီးနှစ်ပေါင်းများစွာတိုင် အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေကြောင်းနှင့် ငြိမ်းချမ်းသာယာပါစေကြောင်း၊ ဘေးဘယကင်းကွာ၍ ကျန်းမာချမ်းသာရှိကြပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်း စကားပြောကြားသည်။
ယင်းနောက် ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ လူငယ် မောင်မယ်များကမြန်မာဘာသာ၊ပိုးကရင်ဘာသာ၊စကောကရင်ဘာသာတို့ဖြင့်ဖတ်ကြားကြပြီး တွဲဖက်အခမ်းအနား မှူးက ကရင်ပြည်နယ်ရှိ ဂုဏ်ပြုခံအထင်ကရသက်ကြီးကရင်အဘိုး၊အဖွားများ၏ ကိုယ်ရေးအကျဉ်းကိုဖတ်ကြားတင်ပြ ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုခံအထင်ကရသက်ကြီး ကရင်အဖိုးအဘွားများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသော အောဟုအောဟောင်ကရင်တေးသီချင်းဖြင့်သီဆိုရုတ်သိမ်းပြီး ဖီးဗူးယော်(ရိုးရာကောက်သစ်စားပွဲတော်)ကိုဆက်လက် ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်(အငြိမ်းစား)သီရိပျံချီဦးဇော်မင်း၊ ပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ(အငြိမ်းစား)သီရိပျံချီဦးစောအောင်ပွင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖီးဗူးယော် ကောက်သစ် စားပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ငြိမ်းချမ်းရေးချိုးငှက်များဘေးမဲ့လွှတ်ပေးခဲ့ကြသည်။
ထို့နောက် ဖီးဗူးယော်ကောက်သစ်စားပွဲတော်ကို ဆက်လက်ကျင်းပရာ ကရင်အဖိုး၊အဖွားများနှင့် ကရင် တိုင်းရင်သားလူငယ်မောင်မယ်များက ဖီးဗူးယော်(ခေါ်)စပါးစောင့်နတ်သမီးကို ဖိတ်ခေါ်ပင့်ဆောင်ရာတွင် ပွဲတော် အကြီးအမှူးအဖွားတစ်ဦးက လယ်ယာများလုပ်ကိုင်ပြီးကြ၍ ကျွန်ုပ်တို့၏လယ်ယာများကိုသီးနှံများအောင်မြင်စွာ အထွက်တိုးလာအောင် စောင့်ရှောက်ပေးသည့်ဖီးဗူးယော်၊ ဆောင်းဦးရာသီရောက်ချိန် ကောက်နှံစပါးများရင့်မှည့် လာပြီး စပါးရွက်များခြောက်လာသည့်အခါ ဖီးဗူးယော်သည် တစ်နှစ်တာအတွက် ကျွန်ုပ်တို့၏လယ်ယာကို စောင့်ရှောက်ပေးသည့် တာဝန်ပြီးဆုံး၍ နေရပ်ဌာနသို့ပြန်သွားပါပြီ၊ အချိန်တန်၍ ပြန်လည်ထွက်ခွာသွားသည့် ဖီးဗူးယော်ကို ကျွန်ုပ်တို့ လွမ်းဆွတ်တမ်းတကြရပါသည်၊ နောက်နှစ်အတွက်လယ်ယာကိုစတင်ထွန်ယက်ချိန် ရောက်လျှင် ကျွန်ုပ်တို့၏လယ်ယာကို စောင့်ရှောက်ရန် ပြန်လာလှည့်ပါဖီးဗူးယော်၊ ကျွန်ုပ်တို့အသင့်ပြုလုပ်ထားသော ကောက်သစ်ဆန်ဦးများကို စားသောက် လှည့်ပါဖီးဗူးယော် ဟု ကရင်ဘာသာဖြင့်သီဆိုပူဇော်၍ အခမ်းအနားမှူးက ကောက်သစ်စားပွဲ အကြောင်းရှင်းလင်းတင်ပြကာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဖီးဗူးယော်ဆုတောင်း တေးသီးချင်းများစုပေါင်းသီဆို၍ ကရင်လူမျိုးတို့၏ရှေးခေတ်ထုံးတမ်းစဉ်လာများအတိုင်း ကောက်သစ်စားပွဲကို ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဧည့်သည်တော်များနှင့် ကရင်အမျိုးသားအပေါင်းတို့က တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများကို အတူတကွသုံးဆောင်၍ ကောက်သစ်စားပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားလူမျိုးများ၏ရိုးရာဓလေ့ယဉ်ကျေးမှုပြခန်း၊ ဗမာ၊ မွန်၊ ရှမ်းတိုင်းရင်းသားလူမျိုးများ၏ယဉ်ကျေးမှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် MSMEs အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အားကစားပျော်ပွဲရွှင်ပွဲ များအနေဖြင့် ချောတိုင်တက်ပြိုင်ပွဲ၊ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ စမောဂိုးသွင်းပြိုင်ပွဲ၊ စကောရွက် ပြိုင်ပွဲ အစရှိသည့်ပြိုင်ပွဲများကိုထည့်သွင်းကျင်းပခဲ့ရာ တိုင်းရင်းသားပြည်သူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြ ပြီး ညပိုင်းတွင် တိုင်းရင်းသားပဒေသာအကအလှများဖြင့်လည်း ကပြဖျော်ဖြေဧည့်ခံသွားမည်ဖြစ်ပါသည်။