ကောလာဟလသားကောင်မဖြစ်ရေး ဉာဏ်ရှေ့ပြေးချင့်ချိန်ကြစေလို


Ministry of Information/ Naypyitaw / February 26, 2024
image_latest


သတင်းအချက်အလက်များ တစ်မုဟုတ်ချင်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ကမ္ဘာပတ်၍ စီးဆင်းနိုင်သည့် ခေတ်ကာလတွင် သတင်းနှင့်မကင်းနိုင်သည့် လူတိုင်းလူတိုင်း မိမိတို့ရရှိလာသည့် သတင်းအချက်အလက်များကို မှားမှန်ကောင်းဆိုး တန်ဖိုးဖြတ်၊ အကဲဖြတ်နိုင်သည့် စွမ်းရည်ရှိရန်လိုသည်။ နည်းပညာများ မြင့်သည်ထက်မြင့်လာနေပြီး တုပဖန်တီးနိုင်မှုများ ပြုလုပ်လာနိုင်သည်နှင့်အမျှ တွေ့မြင်ကြားသိသမျှကို ယုံကြည်မှုမပြုခင် ဆန်းစစ်သည့်အလေ့အထလည်း ရှိကြရမည်ဖြစ်သည်။

လက်တွေ့တွင်မူ မိမိတို့နိုင်ငံတွင် ပြည်သူအများစု၏ အားနည်းချက်မှာ အထက်ဖော်ပြပါစွမ်းရည်နှင့် အလေ့အထတို့ နည်းပါးခြင်းပင်ဖြစ်သည်။ ယခုခေတ်တွင် မီဒီယာသစ်ဟုဆိုသည့် လူမှုကွန်ရက်များကို တွင်တွင်ကျယ်ကျယ်သုံးစွဲနေကြခြင်းဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုများ၊ ကျင့်ဝတ်များ ချမှတ်လုပ်ကိုင်ကြရသည့် ပင်မမီဒီယာကြီးများထက် များစွာကျော်လွန်လျက်ရှိသည်။ အကြားအမြင် ဗဟုသုတတို့ ကျယ်ပြန့်နှံ့စပ်ပြီး စဉ်းစားချင့်ချိန်နိုင်စွမ်းရှိမှသာ လူမှုကွန်ရက်မီဒီယာသစ်ကို မှန်မှန်ကန်ကန်သုံးစွဲနိုင်ကြမည်ဖြစ်သော်လည်း နိုင်ငံသားအများစုတို့မှာ စိတ်ခံစားချက်ကသာ ရှေ့သို့ရောက်နေလေ့ရှိသည်။ မသမာသူတို့က ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်လိုက်သည်နှင့် မဆင်မခြင်ယုံကြည်လိုက်ကြကာ စိတ်ခံစားမှုများ၊ အမျက်ဒေါသများ၊ စိုးရိမ်ထိတ်လန့်မှုများ စသည်တို့ ဖြစ်ပေါ်လာကြသည်။ ကောလာဟလ၊ သတင်းတု၊ သတင်းမှားထုတ်လွှင့်ကြသူများ ဖြစ်စေချင်သည့် အကွက်ထဲသို့ အဆင်အခြင်မဲ့ဝင်သွားကြခြင်း ပင်ဖြစ်သည်။

အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများက လတ်တလောပြုလုပ်နေသည့် ခြောက်လုံး၊ လှန့်လုံးများ၊ ကောလာဟလများအပေါ် ပြည်သူများ ပိုမိုသိရှိသတိပြုနိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ရှင်းလင်းတင်ပြပေးလျက်ရှိရာ ၎င်းတို့၏ ရည်ရွယ်ချက်၊ လုပ်နည်းလုပ်ဟန်တို့အပေါ် လေ့လာဆန်းစစ်နိုင်ကြစေရန်ဖြစ်သည်။ ကောလာဟလများ ဖုံးလွှမ်း၍ ထိတ်လန့်ချောက်ချားနေသည့် မြို့ကြီးဆန်ကောတစ်ချပ် လေထဲလွင့်ပါသည်ကို အကြောင်းပြု၍ ပျက်စီးခဲ့ရဖူးသည်ကို သင်ခန်းစာယူကြရန်လည်းလိုသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသူနိုင်ငံသားတို့ စည်းလုံးညီညွတ်မှုမရစေရန်၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကင်းမဲ့စေရန်၊ ပြည်သူလူထုနှင့် လူ့အဖွဲ့အစည်းအတွင်း ကြောက်ရွံ့မှုနှင့် စိုးရိမ်ထိတ်လန့်မှုတို့ သွတ်သွင်းထားရန်တို့မှာ အကြမ်းဖက်နှင့် ပြည်ဖျက်တို့၏ ရည်ရွယ်ချက်များပင်ဖြစ်သည်။ သို့ဖြစ်ရာ သတင်းတု သတင်းမှားများကို ဆက်တိုက်ထုတ်လွှင့်လျက်ရှိကြပြီး ဗြောင်ကျကျလိမ်လည်မှုကို ရှက်ခြင်း၊ ကြောက်ခြင်းကင်းမဲ့စွာ ကျူးလွန်လျက်ရှိကြသည်။

ဖေဖော်ဝါရီ ၁၀ ရက်က စတင်အာဏာတည်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍လည်း ပြည်သူလူထုအတွင်း စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အခြေအမြစ်ကင်းမဲ့ပြီး မှန်ကန်မှုမရှိသည့် သတင်းတု သတင်းမှား ကောလာဟလများ ဆက်တိုက်ထွက်ပေါ်လျက်ရှိရာ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သလို အချိန်မရွေးလည်း တိုင်ကြားနိုင်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလသတင်းများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့်အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ဖုန်းနံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၉၁၁၊ ၀၆၇-၃၄၀၄၉၂၂၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြသည်။

ရှေးပဝေသဏီကတည်းကပင်ရှိခဲ့သော ကောလာဟလများ၊ သတင်းတု သတင်းမှားများမှာ ပစ္စုပ္ပန်ရော၊ အနာဂတ်တွင်ပါ ရှိနေဦးမည်ဖြစ်သည်။ အကြမ်းဖက်နှင့်ပြည်ဖျက်တို့က လက်နက်တစ်ခုသဖွယ် အသုံးပြုနေကြခြင်းကြောင့်လည်း အဆက်မပြတ် တရစပ်ဆိုသလို ထွက်ပေါ်နေဦးမည်ဖြစ်ရာ မိမိကိုယ်ကို ကောလာဟလ၏ သားကောင်အဖြစ် ကျရောက်မသွားစေရေး စဉ်းစားဉာဏ်ရှေ့ပြေးကာ ချင့်ချိန်နိုင်ကြပါစေကြောင်း။ ။