ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေး နှီးနှောဖလှယ်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်

ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေး နှီးနှောဖလှယ်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်


Ministry of Hotel & Tourism/ နေပြည်တော် / January 12, 2023


နေပြည်တော် ဇန်နဝါရီ ၁၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးမြှင့်တင်မှုဌာနက စီစဉ်ကျင်းပသော ကျန်းမာရေး နှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှောဖလှယ်ပွဲ (၂၀၂၃) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဦးစွာ ထိုင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး ဒေါက်တာ သာနာဝပ်နာဂိုဝတ်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။

ကုမ္ပဏီပေါင်း ၂၆ ခု တက်ရောက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသို့ ထိုင်းနိုင်ငံမှ ဆေးရုံများအပါအဝင် ကုမ္ပဏီပေါင်း (၂၆) ခု တက်ရောက်သည်ဟု သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှော ဖလှယ်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ကျင်းပသည့် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှောဖလှယ်ပွဲသည် စီးပွားရေးကဏ္ဍအတွက်သာမက ခရီးသွားကဏ္ဍအတွက်ပါ အကျိုးရှိပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးနှင့် သာယာဝပြောရေးအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးတို့တွင်လည်း ပိုမိုရင်းနှီးစွာ လက်တွဲဆောင်ရွက်သွားရန်မျှော်လင့်ပါကြောင်း ပြော ကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာထင်ပေါ်နှင့် မြန်မာနိုင်ငံ အလှကုန်အသင်းမှ ဥက္ကဌ ဒေါက်တာဆုလှဟန်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် အမှာစကားပြောကြားသူများကို ထိုင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး ဒေါက်တာ သာနာဝပ်နာဂိုဝတ်က အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ ထိုင်းနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးကြီး ဒေါက်တာ သာနာဝပ် နာဂိုဝတ်၊ တာဝန်ရှိသူများနှင့်အတူ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စီးပွားရေးနှီးနှောဖလှယ်ပွဲ (၂၀၂၃) အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ ပြခန်းများ ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းယားကန်ဟိုတယ်၌ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဟိုတယ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏ အားပေးဆောင်ရွက်နေမှု၊ နိုင်ငံတကာခရီးသွားပြပွဲများနှင့် ခရီးသွားဈေးကွက်အသစ်များ ရရှိရေးဆောင်ရွက်နေမှု၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ခရီးသည် များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ကိုဗစ်ကာလတွင် နိုင်ငံတော်မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအတွက် ဖြေလျှော့ပေးခဲ့မှုများနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်၍ ဟိုတယ်များအနေဖြင့် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ငှားရမ်းခများနှင့် အခွန်အခများကို ပြည့်ဝစွာပေးသွင်း နိုင်ရေးကိစ္စ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များအနေဖြင့် ပြည်တွင်း ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Source From: Kyemon